ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဧည့်သည် ဘာစီလိုနာ အသင်းက အေတီကို အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားပို ဆက်လက် ဦးဆောင် သွားနိုင်ခဲ့ပါတယ်။ဘာစီလိုနာ အသင်း အတွက် ၃မှတ်တန်ဂိုးကို သွင်းယူပေးခဲ့တာကတော့ တိုက်စစ်မှူး မက်ဆီပဲ ဖြစ်ပါတယ်။

စနေ နေ့ မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ် အသင်းက အလာဗက် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့လို့ အမှတ်ပေးယားကို ယာယီ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဘာစီလိုနာအသင်း ပွဲကျပ်တပွဲကို အကောင်းဆုံး ကျော်ဖြတ်နိုင် ဖို့ ပွဲချိန် ၈၆ မိနစ်မှာမက်ဆီက နောက်ကျ အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အိမ်ရှင် အေတီကို အသင်းက ဂိုးပေါက် ကန်သွင်းမှု ၁၇ ကြိမ်အထိရခဲ့ပြီး ဘာစီလိုနာကတော့ ၁၃ ကြိမ်သာရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တာစတီဂျန် ရဲ့ လက်စွမ်းနဲ့ မက်ဆီရဲ့ ခြေစွမ်းတွေက ပွဲရဲ့ အနိုင်အရှုံးကို အဆုံး အဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မက်ဆီ အတွက် တော့ဘာစီလိုနာ အသင်းအတွက် ဒီရာသီမှာလာလီဂါ ၉ ပွဲကစား ၉ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အေတီကို အသင်းရဲ့ ကွင်းလယ်လူ နီဂွက်ဇ်က မက်ဆီဟာ အကောင်းဆုံးကစားသမားတဦးဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး Marca သတင်းစာနဲ့ အင်တာဗျူး မှာ နီဂွက်ဇ်က – ” အဆုံးသတ်ချိန်မှာ ရှံုးပွဲကြံုတွေ့သွားခဲ့ လို့ ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြပါတယ်။ဘာကြောင့်လည်းဆိုတော့ကျွန်တော်တို့ကောင်းကောင်း ကစားနိုင် ခဲ့ပြီး ဂိုးရလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီ လိုကစားသမားမျိုးက ကွင်းထဲရှိနေချိန်မှာ ဒီနေ့ ပွဲကလို စွမ်းဆောင်ရည်မျိုးကို အလွယ်တကူ ပဲ လုပ်ဆောင်နိုင်ပါတယ်။သူဟာ အကောင်းဆုံး ကစားမား တယောက်လည်းဖြစ်ပါတယ်။

တာစတီဂျန်အနေနဲ့လည်း ဘာစီလိုနာအတွက် အရေးပါတဲ့ ဂိုးပေါက်ကာကွယ်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော့်အတွက်တော့မက်ဆီက အကောင်းဆုံးဖြစ်ပါတယ်။ဘာကြောင့် ဒီလိုအကောင်းဆုံးဖြစ်ရတယ်ဆိုတာကိုလည်းသူကပြသသွားခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ နည်း ပြကြီး ဗယ်ဗာဒီကတော့ မက်ဆီလို ကစားသမားမျိုး ရှိနေတာဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန် အမြဲတမ်းကြီးမားတဲ့ အားသာချက်တခုအဖြစ်ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ပွဲပြီး မီဒီယာတွေ့ဆုံပွဲမှာ ဗယ်ဗာဒီက –

” ပွဲတွေက ခက်ခဲနေပြီး ပြိုင်ဘက် အရမ်း တောင့်တင်းနေချိန်ဆိုရင် မက်ဆီလိုကစားသမားမျိုးရှိနေခြင်းက တကယ့် အားသားချက်တခုပါပဲ။ဒီလို ပွဲမျိုးကို ကြည့်ရှု အားပေးခဲ့ရတဲ့ အတွက်လည်းကျွန်တော် အလုံးစုံနှစ်သက်မိပါတယ်။ဒီလိုပွဲတွေကို ကိုယ့်ရဲ့အမြင်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ့ ဒီပွဲအစပိုင်းမှာ ပြိုင်ဘက်ရဲ့ဖိအားပေးတာတွေခံခဲ့ရပေမယ့် ၃မှတ်ရခဲ့ပါတယ်။အခုချိန်မှာကျွန်တော်တို့ကတော့ ဆိုးရွားတဲ့ အရာတွေကိုတွေးနေတော့မှာမဟုတ်ပါဘူး “လို့ပြောခဲ့ပါတယ်။

ပုံစံကောင်းတွေပြခဲ့တဲ့ တာစတီဂျန်၊ ပီကေး တို့နဲ့ ပတ်သက်ပြီး လည်းဗယ်ဗာဒီက – ” ဒီပွဲမှာဆိုရင် အံ့မခန်း အရာမျိုးတွေကို စွမ်းဆောင်နိုင်တဲ့ ဂိုးသမား ၂ယောက်က ကွင်းအတွင်းမှာ ရှိခဲ့တာဖြစ်ပါတယ်။သူတို့ဟာမကြာခဏဆိုသလို ကာကွယ်မှုကောင်းတွေ ပြုလုပ်လေ့ရှိကြပါတယ်။ပီကေး အနေနဲ့ လည်း ကောင်းကောင်း ကစားသွား နိုင်ခဲ့တယ် လို့ ကျွန်တော်ကတော့ ယူဆပါတယ်။သူဟာ ပွဲပြီးတဲ့ အထိ ကစားသွားနိုင်ဖွယ်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် စွန့်စားပြီး မလုပ်ခဲ့တာက ပိုပြီးကောင်းပါတယ်ဗျာ ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR