ဂန်းနားတို့ရဲ့ ယာယီ နည်းပြ ယွန်းဘတ် ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာတော့ အာဆင်နယ် အသင်းဟာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ နောဝှစ်ချ် စီးတီး အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပါတယ် ။

နောဝှစ်ချ် နဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ ကစားပုံဟာ တိုးတက်မှု ရှိလာခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ ထုံးစံ အတိုင်း အမှားအယွင်း များနေဆဲ ဖြစ်ပြီး ပေးဂိုးတွေ အလွယ်တကူ ခွင့်ပြု နေရဆဲပါ ။ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးပေးထားရပြီး ခံစစ်ပိုင်း အားနည်းမှုကို မပြင်ဆင်နိုင်ရင်တော့ လေးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ဖွယ် ရှိနေပါတယ် ။

ဒါပေမယ့်လည်း ဆွီဒင် ကစားသမားကြီး ယွန်းဘတ် ကတော့ အာဆင်နယ် အသင်းဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်ဖို့ အတွက် ယှဉ်ပြိုင် နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အပြီးမှာ နိုင်ပွဲ ၄ ပွဲ ၊ ရှုံးပွဲ ၃ ပွဲ နဲ့ သရေပွဲ ၇ ပွဲ အထိ ရှိနေပြီး အဆင့် ၈ နေရာ အထိ ရောက်ရှိ နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ အဆင့်လေးနေရာက ချဲလ်ဆီး အသင်းနဲ့ အမှတ်ကွာဟချက် ၇ မှတ်အထိ ရှိနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ် ။

ယွန်းဘတ် က နောဝှစ်ချ် အသင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် အသင်း ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်လားဆိုတဲ့ မေးခွန်းကို ” ၁၀၀ % ပါပဲ ။ အခု အချိန်မှာ အခြား အသင်းတွေလည်း အမှတ်တွေ လျော့နေကြသလို ကျနော်တို့ အသင်းလည်း အမှတ်တွေ လျော့နေပါတယ် ၊ လိဂ်ပြိုင်ပွဲက အတော်လေးကို ပြိိုင်ဆိုင်မှု ပြင်းထန်ပါတယ် ။ ”

” ကျနော်ကတော့ အာဆင်နယ် အသင်း ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်မယ်လို့ ထင်ပါတယ် ၊ ခင်ဗျား တို့ မြင်လိုက်သလားတော့ မသိပေမယ့် ကျနော်တို့ ၁-၀ နဲ့ ရှုံးနိမ့် နေတဲ့ အချိန်မှာ ကစားသမားတွေက စိတ်မပျက်ကြဘဲ ဂိုးရအောင် ပြန်သွင်းမယ့် ပုံစံမျိုးကို တွေ့လိုက် ရပါတယ် ။ ”

” သူတို့က ကိုယ့်ကိုယ်ကို အရည်အသွေး ရှိတဲ့ ကစားသမားတွေဆိုတာ ယုံကြည်မှု အပြည့်ရှိကြတာကို တွေ့ရပါတယ်။ ကျနော်ကတော့ ရှုံးနိမ့်နေတဲ့ အနေအထားကနေ ပြန်လာနိုင်ခဲ့တဲ့ ကစားသမားတွေ အတွက် အလွန်အမင်း ဂုဏ်ယူမိပါတယ် ။ ”

” ပထမပိုင်းမှာ နှစ်ဂိုးပေးထားရတာတောင် သူတို့ စိတ်ဓတ် လုံးဝ မကျသွားဘဲ တိုက်ပွဲဝင် စိတ်ဓတ် အပြည့်နဲ့ ကစား သွားခဲ့ပါတယ် ။ ကျနော်တို့ ရလဒ်ဆက်တိုက် ဆိုးရွားနေမှုကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ် ၊ တကယ့်ကို ခက်ခဲတဲ့ ပွဲဖြစ်ခဲ့ပေမယ့် ကစားသမားတွေ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR