အာဆင်နယ် အသင်း ယာယီ နည်းပြ ဖရက်ဒီ ယွန်းဘတ် က မနေ့ညက ကစားခဲ့တဲ့ နောဝှစ်ချ် အသင်းနဲ့ ပွဲမှာ နီကိုလပ်စ် ပေပေကို အသုံးမပြု ခဲ့ပေမယ့် ကစားသမား အားလုံးကို အခွင့်အရေး မျှမျှတတ ပေးသွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက လိုင်လီ အသင်းကနေ နီကိုလပ်စ် ပေပေ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ် ။ ဒါပေမယ့်လည်း ပေပေဟာ အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိသေးဘဲ ၁၆ ပွဲကစားထားရာမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

အိုင်ဗရီကိုစ့် လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ပေပေ ဟာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အားပြုတဲ့ ကစားဟန်မှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံ ပေါက်နေတာကိုလည်း တွေ့ရပါတယ်။

အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် ရဲ့ ပထမဆုံး ပွဲဦးထွက်မှာလည်း နီကိုလပ်စ် ပေပေ ဟာ အရန်ခုံမှာသာ ထိုင်နေရပြီး လူစားဝင် ကစားခွင့်လည်း မရရှိခဲ့ပါဘူး ။ ပရိသတ်တွေဟာ အနိုင်ဂိုး​ သွင်းယူဖို့ လိုအပ်နေတဲ့ အချိန်မှာ ပေပေကို ထည့်သွင်းဖို့ မျှော်လင့် ခဲ့ပေမယ့် ယွန်းဘတ်ကတော့ တော်ရီးယား ၊ ဆာကာ ၊ မာတီနယ်လီ တို့ကိုသာ လူစားလဲ ထည့်သွင်းခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ နီကိုလပ်စ် ပေပေကို အသုံးမပြုခဲ့တဲ့ အပေါ် ယွန်းဘတ် က ” ကျနော် အသင်းကြီးကို ရောက်တာ သုံးလ ရှိပါပြီ ၊ မနှစ်ကဆိုလည်း ယူ-၂၃ အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ပါတယ် ။ ဒါကြောင့် အသင်းကြီးရဲ့ ပွဲတော်တော်များများကို ကျနော် ကြည့်ဖူးပါတယ် ။ ”

” ဒါကြောင့် ကျနော့်ဆီမှာ ဘယ်ကစားသမားတွေနဲ့ ဘယ်လို ကစားရမလဲ ဆိုတာ အကြံဉာဏ် ရှိပြီးသားပါ ၊ ဒါပေမယ့် ကျနော်ကတော့ ကစားသမား တိုင်းကို အခွင့်အရေး မျှမျှတတ ပေးဖို့ ကြိုးစား သွားမှာပါ ။ လေ့ကျင့်ရေးကွင်းက ခြေစွမ်း ၊ ပွဲထဲက ခြေစွမ်းတွေကို ကြည့်ပြီး ဆုံးဖြတ် သွားမှာပါ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး ယွန်းဘတ် က နီကိုလပ်စ် ပေပေ ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ” ပေပေ က တကယ် ကောင်းတဲ့ ကစားသမားပါ ၊ ဒါပေမယ့် ကျနော် အရှေ့မှာ ပြောခဲ့သလိုပဲ လေ့ကျင့်ရေးကွင်းက ခြေစွမ်း ၊ ပွဲထဲက ခြေစွမ်းတွေကို ကြည့်ပြီး စဉ်းစား ဆုံးဖြတ် သွားမှာပါ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR