တနင်္ဂနွေ နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အသင်းနဲ့ အက်စတွန်ဗီလာအသင်း တို့ ၂ဂိုးစီသရေ ကျခဲ့ပါတယ်။ အိုးထရက်ဖို့ဒ် မှာ ကစားခဲ့ရပေမယ့် တန်းတက်ဗီလာအသင်းကို နာမည်ကြီး ယူနိုက်တက် အသင်း အနိုင်မရခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပွဲစတင်ပြီး မကြာခင်မှာပဲ ဗီလာ အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရ ပြီး ဂရီရယ်လစ်ရှ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံး ခါနီး မှာတော့ ယူနိုက်တက် အသင်းချေပဂိုးပြန်ရခဲ့ပြီး ဗီလာဂိုးသမား တွန်ဟီတန်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ လင်ဒယ်လော့ဖ်က ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့်ယူနိုက်တက်တို့ ကောင်းကောင်းအောင်ပွဲခံချိန်တောင် မရလိုက်ပဲ ချက်ချင်းဆိုသလို တိုင်ရွန်မင်းစ်က ဗီလာအတွက် ပြန်ချေပခဲ့လို့ ၂ဂိုးစီသရေနဲ့ ပွဲပြီး ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပတ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း တန်းတက် ရှက်ဖီးလ်ကို ၃ဂိုးစီ သရေကျခဲ့ပြီး ကြားရက်အတွင်းကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း အက်စတာနာအသင်းကို အရေးနိမ့်ထားခဲ့လို့ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းတဦးဖြစ်တဲ့ ဂျီးနက်စ်ကတော့ ယူနိုက်တက်အသင်းရဲ့ သရေပွဲစဉ်အတွက်ရတ်ဖို့ဒ်+ မာရှယ် တိုက်စစ်အတွဲကိုအပြစ်တင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိယူနိုက်တက် အသင်းကိုကိုင်တွယ်နေတဲ့ နည်းပြလည်းဖြစ်၊ တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ဆိုးလ်ရှားသာဝင်ကန်ခဲ့ရင် ဂိုးတွေအများကြီးရနိုင်မှာသေချာတယ်လို့ သူကခံစားနေရပုံပါပဲ။

BBC ရုပ်သံရဲ့ Match of the day အစီအစဉ်မှာ ဂျီးနက်စ်က – ” ဒီနေ့ ပွဲစဉ်က ယူနိုက်တက် အသင်းကို ကြည့်ပြီးကျွန်တော် စိုးရိမ်မိတာကတော့ သူတို့ အသင်းရဲ့ ကွင်းအတွက် ရွေ့လျားမှု ကင်းမဲ့ နေတာပဲ ဖြစ်ပါတယ်။ ကစားသမားတွေ အကုန်လုံးကကိုယ့်နေရာမှာကိုယ်ရပ်နေကြသလိုပါပဲ။

ပြိုင်ဘက် ခံစစ်ဇုန် အတွင်းမှာဆိုရင် လည်း သူတို့က ပေါ့ပျက်ပျက် ပုံစံမျိုး ကစားခဲ့ကြပါတယ်။မကြာခဏဘောလုံးပျက်နေတာဖြစ်လို့ အမှန်က ၆ကိုက်စည်းအတွင်းဝင်ရောက်နိုင်ဖို့ ကြိုးစားသင့်တာဖြစ်ပါတယ်။ရတ်ဖို့ဒ်ဆိုရင် ပွဲချိန်နှောင်းပိုင်းအထိ ရောက်တဲ့တိုင်အောင် ပွဲထဲကောင်းကောင်းမမြင်ခဲ့ရပါဘူး။

ဒန်နီရယ်ဂျိန်းစ် က ပြိုင်ဘက်ရဲ့ ဂိုးဧရိ ယာ ၆ကိုက်စည်းအတွင်း ဝင်ရောက်နိုငတာကို ခင်ဗျားတို့ အသိပါပဲ။ဂိုးသွင်းနိုင်တဲ့ ရတ်ဖို့ဒ်၊ မာရှယ်၊ လင်ဂတ် တို့လို ကစားသမား၃ ဦးရှိထားတာကိုလည်းသိပါတယ်။ဒါပေမယ့် တဦးကမှ ဂျိန်းစ်နဲ့ တွဲဖို့ နီးနီးကပ်ကပ်ရှိမနေခဲ့ကြပါဘူး။

ယူနိုက်တက် အသင်းဟာ ဒီနေ့ ပွဲမှာ လုံးဝကို ကောင်းကောင်း မကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဖန်တီးပေးလိုက်တဲ့ ဘောလုံးတွေနားမှာ တဦးတယောက်မှ နီးနီးကပ်ကပ် ရှိမနေပေမယ့် ဖန်တီးမှုတွေကို ဆက်ပြီး လုပ်ဆောင်ပေးနေခဲ့ဆဲဖြစ်ပါတယ်။

အတော်လေးကို စိတ်ပျက်စရာကောင်းပါတယ်ဗျာ။ ကွင်းဘေးကနေ ကြီးကြပ်နဲ့ တဲ့ သူတို့ အသင်းရဲ့ နည်းပြ ကြီးသာ ဝင်ကန်မယ်ဆိုရင်တောင် ဟတ်ထရစ် လောက် သွင်းယူနိုင်မှာဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ ဘဝမှာ ယူနိုက်တက် အသင်းရဲ့ ခြေစွမ်း အဆိုးရွားဆုံး ပွဲတပွဲကို မြင်လိုက်ရတာလည်းဖြစ်ပါတယ်။

ဒီလို ပွဲမျိုးမှာတောင် သူသာ ပါဝင်ခဲ့မယ်ဆိုရင် ဂိုးတွေအများကြီးရကောင်းရနိုင်ပါတယ်။ဒီနေ့ပွဲက ယူနိုက်တက်အသင်းရဲ့ ပုံစံဟာ အတော်လေးရိုးအီ ငြီးငွေ့စရာကောင်းပြီး ဦးတည်ချက်မရှိသလိုဖြစ်နေခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီပွဲရလဒ်ကြောင့် ၁၄ ပွဲကစားရမှတ် ၁၈ မှတ်နဲ့ အဆင့် ၉ နေရာကာအထိ ကျဆင်းသွားခဲ့ပါတယ်။သူတို့ဟာကြားရက် အတွင်းမှာ လည်း နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါး အသင်းနဲ့ ပွဲကျပ် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

SPORTS MYANMAR