မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ က အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် အနေနဲ့ ကွင်းလယ် နဲ့ နောက်တန်း အားနည်းမှုကို အဓိကထား ပြင်ဆင်ဖို့ လိုအပ်နေကြောင်း ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

ဂန်းနားတို့ရဲ့ ယာယီ နည်းပြ ယွန်းဘတ် ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာတော့ အာဆင်နယ် အသင်းဟာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ နောဝှစ်ချ် စီးတီး အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အပြီးမှာ နိုင်ပွဲ ၄ ပွဲ ၊ ရှုံးပွဲ ၃ ပွဲ နဲ့ သရေပွဲ ၇ ပွဲ အထိ ရှိနေပြီး အဆင့် ၈ နေရာ အထိ ရောက်ရှိ နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ အဆင့်လေးနေရာက ချဲလ်ဆီး အသင်းနဲ့ အမှတ်ကွာဟချက် ၇ မှတ်အထိ ရှိနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ် ။

နောဝှစ်ချ် နဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ ကစားပုံဟာ တိုးတက်မှု ရှိလာခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ ထုံးစံ အတိုင်း အမှားအယွင်း များနေဆဲ ဖြစ်ပြီး ပေးဂိုးတွေ အလွယ်တကူ ခွင့်ပြု နေရဆဲပါ ။ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးပေးထားရပြီး ပရီးမီးယားလိဂ်မှာလည်း ရဂိုးထက် ပေးဂိုးက ပိုများနေပါတယ် ။

ပြင်သစ် တိုက်စစ်မှူးဟောင်း ဆာဟာ က ယွန်းဘတ် လက်ထက်မှာ အာဆင်နယ် အသင်းသားတွေရဲ့ စိတ်ဓတ်ဟာ ပိုမို တိုးတက် ကောင်းမွန် လာပေမယ့် ကွင်းလယ် နဲ့ ခံစစ်ကတော့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဆာဟာ က Sky Sports မှာ ” နှစ်သင်းစလုံး အတွက် မျှတတဲ့ ရလဒ်ပါပဲ ၊ နည်းပြ နှစ်ဦးစလုံး သူတို့အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အားရ ကျေနပ်ကြမှာပါ ။ အထူးသဖြင့် ဖရက်ဒီ ယွန်းဘတ် က ပိုပျော်မယ်လို့ ထင်ပါတယ် ၊ သူတို့အသင်းက စိတ်ဓတ် ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့တာကြောင့်ပါ ။ ”

” တိုက်စစ်မှူးက ဂိုးသွင်းနိုင်ခဲ့သလို ဂိုးသမားကလည်း ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် ကွင်းလယ် နဲ့ နောက်တန်းကတော့ ဒီထက် ပိုမို တိုးတက်ကောင်းမွန် လာအောင် ကြိုးစား အဖြေရှာဖို့ လိုအပ်နေပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဒီဇင်ဘာ ပွဲကြပ်ကာလတွေဟာလည်း အခု တစ်ပတ်မှာ စတင်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ သောကြာနေ့မှာ ဘရိုက်တန် ၊ လာမယ့် အပတ် အင်္ဂါနေ့မှာ ဝက်စ်ဟမ်း တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR