ဂျေမီကာရေဂါ က ဘရန်ဒန်ရော်ဂျာ အနေနဲ့ လက်စတာစီးတိး မှ အာဆင်နယ် ကို ပြောင်းရွေ့ရန် ဆုံးဖြတ် ခဲ့မယ်ဆိုရင် ၎င်းရဲ့ ဂုဏ်သိက္ခာ ဆုံးရှုံး နိုင်တယ်လို့ သတိပေး သွားခဲ့ပါတယ်။ ရော်ဂျာဟာ လက်စတာ ကို ဒီရာသီ ပရီးမီးယားလိဂ် မှာ ရလဒ်တွေ အထူး ကောင်းမွန်အောင် လုပ်ပေး ထားခဲ့တာကြောင့် အာဆင်နယ် မန်နေဂျာ ရာထူး အတွက် ရေပန်းစား နေသူတွေ ထဲမှာ ပါဝင် နေပါတယ်။

ရော်ဂျာဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာ ဆဲတစ် ကနေ လက်စတာ ကို ရုတ်တရက်ကြီး ပြောင်းရွေ့ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပြီး ကာရေဂါ ကတော့ လီဗာပူး နည်းပြဟောင်း အနေနဲ့ လက်စတာ အသင်း အပေါ် သစ္စာ စောင့်သိ သင့်တယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါ က “သူဟာ လက်စတာ နဲ့ သဘောတူညီချက် ရှိနေပါတယ်။ ဒါဟာ အခုချိန်မှာ သိသာ ထင်ရှားနေ တယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိ ရော်ဂျာ ရှိနေတဲ့ အနေအထား အရ မန်နေဂျာ ကော ကစားသမားတွေပါ ထိပ်ဆုံးကို ရောက်ချင် နေကြမှာ သေချာပါတယ်။ ဒီအချိန်မှာ လက်စတာ ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး သူတို့ဟာ သိပ်မကြာ သေးမီက ပရီးမီးယားလိဂ် ကို ဆွတ်ခူး ထားခဲ့ပါတယ်။

လက်စတာ တို့ဟာ top 6 အသင်း ဖြစ်ဖို့ ရည်မှန်းနေတာ ဖြစ်ပြီး သူတို့ ဒီရာသီ top 4 ထဲ ဝင်ဖို့လည်း အခြေအနေ ကောင်းနေကာ သူတို့ဟာ အသင်းကြီး တစ်သင်း ဖြစ်တာကြောင့် ချန်ပီယံလိဂ် မှာ တစ်စုံတစ်ရာ လုပ်ပြ နိုင်စွမ်း ရှိပါတယ်။ အကယ်၍ ရော်ဂျာ အနေနဲ့ အာဆင်နယ် ကို ပြောင်းရွေ့ဖို့ အတွက် စဥ်းစား နေတယ်ဆိုရင် ဒါဟာ မမှန်ကန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ဒါဟာ မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ သူဟာ ရာသီမကုန်မီ ပက်ဟတ် ကနေ ထွက်ခွာ လာခဲ့တာကြောင့် ဆဲတစ် ပရိတ်သတ်တွေရဲ့ ဝေဖန်မှု တွေကို ခံခဲ့ ရပါတယ်။ သူ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ လက်စတာ နည်းပြ ရာထူးဟာ top 6 နည်းပြ ရာထူးကို မရတဲ့ မန်နေဂျာတွေ အတွက် အကောင်းဆုံး အလုပ် ဖြစ်နေလို့ပါ။ လက်စတာမှာ ရှိတဲ့ ကစားသမား အင်အား ၊ သူတို့ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ အရ ဒီအလုပ်ဟာ အားလုံး လိုချင်နေတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ဒီအလုပ်ကို ရယူဖို့ ဆုံးဖြတ် ခဲ့ပြီး ဆဲတစ် ပရိတ်သတ် တွေရဲ့ ဝေဖန်မှုကို လက်ခံ ခဲ့ပါတယ်။

အကယ်၍ သူ့အနေနဲ့ အခု အာဆင်နယ် ကို ပြောင်းရွေ့ ခဲ့မယ် ဆိုရင် အသင်း အချိန်တိုလေး အတွင်းမှာ အသင်းတွေ ပြောင်းနေ တာကြောင့် အပြောင်းအလဲ မြန်တဲ့သူ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိ သွားမှာပါ။ အကယ်၍ သူအခု အချိန် အသင်း ပြောင်းဖို့ ဆုံးဖြတ်ချက် ချခဲ့မယ် ဆိုရင် သူဟာ ဒီနာမည်ဆိုးနဲ့ ထိုက်တန် တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆဲတစ်မှာ ဖြစ်ခဲ့တာတွေဟာ အနည်းငယ် အလောတကြီး နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထား အရ သူ့အနေနဲ့ လက်စတာ မှာ နောက်ထပ် ၁၈ လ လောက်ကို မျှော်တွေး ကြည့်လိုက်မယ် ဆိုရင် သူဟာ လက်စတာ မှာ တစ်စုံတစ်ရာ ဂုဏ်ယူ ဖွယ်ရာ လုပ်ပြ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

နောက်ထပ် ၁၈ လ ဆိုတဲ့ အချိန်မှာ အာဆင်နယ် ၊ တော့တင်ဟမ် ၊ မန်ချက်စတာယူနိုက်တက် ၊ လီဗာပူး ကိုတော့ သူပြန် မသွားလောက် ပါဘူး။ စီးတီး ကလည်း ဘာဖြစ်လာမလဲ ဆိုတာ ပြောလို့ မရပါဘူး။ သူဟာ တကယ့် ထိပ်တန်း ကလပ်တွေ ထဲက တစ်ခုကို သွားချင် နေမှာ သေချာပါတယ်။ အဲဒီအချိန် ဟာ သူ့အတွက် တကယ် သင့်တော်တဲ့ အချိန်ပါပဲ။” လို့ ပြောသွားပါတယ်။

SM