လိုင်လီ အသင်း နည်းပြဟောင်း ခရစ္စတိုဖီ ဂယ်တီယာ က ဘိုင်ယန်မြူးနစ် ၊ နာပိုလီ အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ နီကိုလပ်စ် ပီပီရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့သြသင့်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ဟာ နီကိုလပ်စ် ပီပီ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ နီကိုလပ်စ် ပီပီ ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် ၊ နာပိုလီ အသင်းတို့လည်း ကြိုးပမ်း ခဲ့ကြပြီး အာဆင်နယ် အသင်းက လက်ဦးမှု ရယူသွားခဲ့တာပါ ။

လိုင်လီ နည်းပြဟောင်း ဂယ်တီယာ ကတော့ နီကိုလပ်စ် ပီပီ အနေနဲ့ အာဆင်နယ် အသင်းထက် စာရင် ရော်ဘင် ၊ ရီဘာရီ တို့ ထွက်ခွာသွားတာကြောင့် တောင်ပံ ကစားသမား ခေါ်ဖို့ လိုအပ် နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ခဲ့သင့်ကြောင်း ဆိုပါတယ် ။

ဂယ်တီယာ က INFOSPORT နဲ့ အင်တာဗျူးမှာ ” သူ ( ပီပီ ) ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ ။ ဘာကြောင့်လဲ ဆိုတော့ ရော်ဘင် ၊ ရီဘာရီ တို့ ထွက်ခွာသွားတဲ့ ဘိုင်ယန်မြူးနစ် အသင်းကိုသာ ပြောင်းရင် ကျိန်းသေ နေရာ ရမှာပါ ။ ဒါပေမယ့် သူကတော့ အာဆင်နယ် အသင်းကိုပဲ ရွေးချယ် သွားခဲ့ပါတယ် ။ ”

” ကျွန်တော် ကျေနပ်မိတာ တစ်ခုကတော့ သူ့ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ နှစ်ခုစလုံး ၊ နွေရာသီ အပြောင်းအရွှေ့မှာကော ဆောင်းရာသီ အပြောင်းအရွှေ့မှာပါ အသင်းမှာ ထိန်းသိမ်းထားနိုင်ခဲ့တာကိုပါ ။ နီကိုလပ်စ် ကို ခေါ်ချင်တဲ့ အသင်းတွေ ပတ်လည် ဝိုင်းနေတာတောင် ဥက္ကဌကြီးက မရောင်းခဲ့ပါဘူး ။ ”

” ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရာသီက ပီပီ ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို တွေ့မြင်ခဲ့ရတာပါ ။ ပရီးမီးယားလိဂ် ကတော့ သူ့အတွက် ခက်ခဲပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲ ဖြစ်လာမှာပါ ။ ဒါပေမယ့်လည်း သူ့အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရတဲ့ ပျော်ရွှင်မှုမျိုးကိုတော့ ရမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အိုင်ဗရီကိုစ့် တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ဟာ ပြီးခဲ့တဲ့ ရာသီ ပြင်သစ် လီဂူးဝမ်း မှာ ၂၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူး ဘာပေး ( ၃၃ ဂိုး ) ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။ နီကိုလပ်စ် ပီပီ ဟာ သူရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။

နီကိုလပ်စ် ပီပီ ဟာ မနေ့က အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း စတင် ဆင်းနေပြီ ဖြစ်ပြီး ၊ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့ မှာ ကစားမယ့် ဘာစီလိုနာ အသင်း နဲ့ ဂျို အမ်ဂမ်ဘာ ဖလားပွဲမှာ ပါဝင် ကစားဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR