ချယ်လ်ဆီး အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ အပတ် ကြားရက် ထဲမှာ ကစား သွားခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့တာကြောင့် ၊ စနေနေ့ က ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို အစားထိုး ပွဲထုတ် ခဲ့ပါတယ် ။

သို့ပေမယ့် ဂျရူး လည်း ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရကာ ၊ ဒုတိယပိုင်း မှာတော့ ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ လူစားလဲခြင်း ခံခဲ့ ရပါတယ် ။ အိုဒွိုင်း ဝင်ရောက် လာပြီးနောက် ၊ ဘယ်တောင်ပံ တိုက်စစ် က ပူလီဆစ် ဟာ အထောင် တိုက်စစ် နေရာ မှာ False 9 ပုံစံ နဲ့ ပြောင်းလဲ ကစား ပေးခဲ့ ရပါတယ် ။ သို့ပေမယ့် တခါမှ ကစားခဲ့ဖူးတဲ့ နေရာ မဟုတ်တဲ့ အတွက် ပူလီဆစ် လည်း အတော်လေး ရုန်းကန် ခဲ့ရတာ ကို တွေ့ခဲ့ ရပါတယ် ။

လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ်ပိုင်း မှာ အေဘရာဟမ် မှ မကစား ပေးနိုင်ဘူး ဆိုရင် ၊ ဂျရူး နဲ့ ဘတ်ရှူဝါရီ တို့ဟာ လမ်းပတ် ရဲ့ တိုက်စစ် အချိတ်အဆက် ကစားဟန် မှာ ဘယ်လို မှ မဆင်မပြေဘူး ဆိုတာ ကို ဒီနှစ် ဘောလုံး ရာသီ အတွင်း မကြာခဏ ဆိုသလို ၊ မြင်တွေ့ ခဲ့ရပါတယ် ။ လာမယ့် ကြားရက် ထဲမှာ ချယ်လ်ဆီး အသင်း ဟာ အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစားရဦးမှာ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာရော ၊ ပူလီဆစ် ကို False 9 အဖြစ် ထပ်မံ အသုံးပြုဦးမလား ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီး ” ဒါကိုတော့ ကျွန်တော် တို့ ဆက်လက် စောင့်ကြည့် ရမှာပါ ။ ခရစ်တီယန် ဟာ ပြိုင်ဖက် ခံစစ်မှူး တွေကို လှည့်စား နိုင်တဲ့ အစွမ်း ရှိတဲ့ ၊ တိုက်စစ် ဗဟိုချက် ကို ကစား ပေးနိုင်မယ် လို့ လည်း ကျွန်တော် ထင်ပါတယ် ။ ဒီလို နေရာမျိုး မှာ သူ့ အနေနဲ့ ပုံမှန်အားဖြင့် ဂိုးတွေ ပိုရနိုင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို False 9 ပုံစံ မှာ ထားကစား စေတာက ဖြေရှင်းချက် တခု ဖြစ်တယ် လို့တော့ ယတိပြတ် မပြောချင်သေးပါဘူး ။ ကျွန်တော် တို့ ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က လက်စတာ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နောက်ပိုင်း ပထမဆုံး ပြန်ပြီး ပွဲထွက်ခွင့် ရခဲ့တဲ့ ဂျရူး ဝက်စ်ဟမ်း နဲ့ ပွဲမှာ ရုန်းကန််ရခြင်း အပေါ် အခုလိုပဲ ကာကွယ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဝက်စ်ဟမ်း နဲ့ ပွဲမှာ အိုလီဗီယာ အတွက် အရမ်း ခက်ခဲခဲ့တဲ့ ပွဲစဉ် တပွဲ ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီပွဲ မှာ သူ့ဆီ ကို ဘောလုံး ရောက်ရှိတဲ့ အကြိမ်ရေ မလုံလောက် ခဲ့ပါဘူး ။ အမှန်တကယ် သူ ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ကြိမ် လောက်ကလည်း သူ့ဆီကို တန်းတန်းမတ်မတ် ရောက်မလာ ခဲ့ပါဘူး ။ သူ တယောက်တည်း ဒီပွဲစဉ် မှာ ရုန်းကန် ခဲ့ရတာ မဟုတ်ပါဘူး ။ ”

” တသင်းလုံး ရဲ့ စွမ်းဆောင်ရည် နဲ့ ကစားပုံ က လျော့တိလျော့ရဲ ဖြစ်ခဲ့တာပါ ။ ဒီ ပွဲဟာ တကယ် လွယ်တဲ့ ပွဲ မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် တို့ဟာ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အထူး ကြိုးစား နေကြပါတယ် ။ ဒါပေမယ့် တချို့ အသင်းသား တွေဟာ ကျွန်တော့ ရဲ့ မော်ဒန် ကစားကွက် ထဲမှာ အသားကျဖို့ ၊ အဆင့်တဆင့် ကို ရောက်ရှိဖို့ လိုနေပါသေးတယ် ။ ကျွန်တော့ အနေနဲ့ ဝက်စ်ဟမ်း နဲ့ ပွဲက ရှုံးပွဲ အတွက် အသင်း ရဲ့ ကြံ့ခိုင်မှု အပေါ် အပြစ်မတင်ချင်ပါဘူး ။ ”

” မစ်ချီ ဟာ ကျွန်တော် တို့ အတွက် တကယ်ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ဒီနှစ် ဘောလုံး ရာသီ အတွင်း ပြသ ထားခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် ဝက်စ်ဟမ်း နဲ့ ပွဲမှာ ခရစ်တီယန် ကို False 9 ကစား စေခဲ့တာ ကတော့ ကျွန်တော့ ရဲ့ ရွေးချယ်မှု တခုသာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR