ကမ္ဘာ့ဘောလုံး လောကရဲ့ အထင်ကရ ဆုတံဆိပ် တခုဖြစ်သလို ဘောလုံး သမားတိုင်းက ရရှိဖို့ မျှော်လင့် တောင့်တ တတ်ကြတဲ့ ဘလွန်းဒီအောဆု ချီးမြှင့်ပွဲကြီး ကျင်းပသွားဖို့နာရီပိုင်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ဒီဆုအတွက် ဆန်ကာတင် ကစားသမားစာရင်းကိုတော့ နိုဝင်ဘာလ ၆ရက်နေ့မှာ ကြေငြာထားခဲ့ပြီးဖြစ်ပြီး ကစားသမားကောင်းတွေ အများအပြားပါဝင်နေပါတယ်။

ုနောက်ဆုံး ဆယ်စုနှစ် အတွင်းမှာ ဘလွန်းဒီအောဆုကို လွှမ်းမိုးထားခဲ့တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ ၂ဦးဟာ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာလည်းပါဝင်နေပါတယ်။ယမန်နှစ်က ဒီဆုကို ရရှိခဲ့တဲ့ လူကာမို ရစ်ကတော့ ဆန်ကာတင်စာရင်းမှာတော့ ပြန်ပြီး မပါလာနိုင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် အတွက် ဘလွန်းဒီအောဆု ကြီးကို ရရှှိဖို့ လတ်တလော ရေပန်းအစားဆုံး အဖြစ် ရှိနေတာကတော့ ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန် မက်ဆီနဲ့ လီဗာပူး ခံစစ် မှူး ဗန်ဒိုက်တို့ပဲ ဖြစ်ပါတယ်။မက်ဆီရဲ့ မဟာပြိုင်ဘက်ကစား ရော်နယ်ဒိုကတော့ ဂျူဗီအသင်းနဲ့ အဖွင့်ရာသီမှာခြေစွမ်းအနည်းငယ်ကျဆင်းခဲ့လို့ ရေပန်းစားမှုစာရင်းမှာအနည်းငယ်နောက်ရောက်နေပါတယ်။

အခုရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘလွန်းဒီအောဆု စာရင်းပေါက်ကြားခဲ့ပြီး မက်ဆီက ပထမနေရာနဲ့ ရော်နယ်ဒိုက အဆင့်၄ နေရာသာရရှိခဲ့တယ်ဆိုပြီး မီဒီယာအချို့ကဖော်ပြခဲ့ကြပါတယ်။ဗန်ဒိုက်နဲ့ ဆာလတ်တို့ ကတော့ အဆင့် ၂ နဲ့၃ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြတယ်လို့ လည်းသိရပါတယ်။

အီတလီ နိုင်ငံရဲ့ နာမည်ကြီး မီဒီယာတွေဖြစ်တဲ့ ANSA နဲ့ GdS တို့ကလည်း မက်ဆီဟာ ဆဋ္ဌမမြောက် ဘလွန်းဒီအော ဆုကြီးကို စံချိန်တင် အဖြစ် ရရှိသွားခဲ့ပြီလို့ ဖော်ပြခဲ့ပြီး ရော်နယ်ဒိုက စင်မြင့်ထက်မှာတောင် တက်ယူရမှာမဟုတ်ဖူးလို့ အခိုင်အမာရေးသားထားပါတယ်။

အဆိုပါ မီဒီယာတွေ ရဲ့ ဖော်ပြချက်အရ လီဗာပူး ကစားသမားတွေဖြစ်တဲ့ ဆာလတ် နဲ့ ဗန်ဒိုက်တို့က ဒီပေါ်တူဂီသားရဲ့ အရှေ့ မှာတောင် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂိုးသွင်းခြေစွမ်းကောင်းရဖို့ရုန်းကန်နေရပြီး ကြံံ့ခိုင်မှုပိုင်းအရလည်း ပြသနာအချို့ရှိနေတာဖြစ်ပါတယ်။

မက်ဆီကလည်း ရာသီအစပိုင်းမှာ အလားတူ ပြသနာမျိုးတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်း ပြိုင်ပွဲစုံမှာတော့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုသွင်းယူထားနိုင်ခဲ့ပြီး ပုံစံကောင်းကိုဆက်တိုက်ပြသနေပါတယ်။ယမန်နေ့မှာကစားခဲ့တဲ့ အေတီကိုနဲ့ ပွဲမှာလည်းအနိုင်အရှံုးကိုအဆုံးအဖြတ်ဖြစ်စေတဲ့ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

မက်ဆီ ဟာပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ပေးအပ်ချီးမြှင့်ခဲ့တဲ့ FIFA’s The Best ဆုချီးမြှင့်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီး ဗန်ဒိုက်က ဒုတိယနေရာနဲ့ ရော်နယ်ဒိုက တတိယနေရာသာရရှိထားခဲ့သေးတာဖြစ်ပါတယ်။အချို့မီဒီယာတွေကတော့ ရော်နယ်ဒိုဟာဘလွန်းဒီအောဆုပေးပွဲကိုတက်ရောက်လာဖွယ်ရှိမနေဘူးလို့ ဖော်ပြနေပါတယ်။

စပိန် နာမည်ကျော် အားကစားသတင်းစာ တစောင်ဖြစ်တဲ့ Marca ကလည်းမက်ဆီ ဟာရော်နယ်ဒို ကို နောက်ကောက်ချပြီး သူ့အတွက် ၆ကြိမ်မြောက် ဘလွန်းဒီအောဆုကြီးကို ရရှိသွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ပြင်သစ်ဘောလုံး မဂ္ဂဇင်းကနေ ကမထပြုပြီးချီးမြှင့်တဲ့ အခုနှစ်ဘလွန်းဒီအောဆုအတွက်ဆန်ကာတင်စာရင်းမှာ စပိန်သားတဦးမှာပါဝင်ခြင်းရှိမနေတာကတော့ ၂၆ နှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။

အခုနှစ်အတွက် အမျိုးသမီး ဘလွန်းဒီအော ဆုကြီးကို ရရှိဖို့ ရေပန်းစားနေတာကတော့ ကမ္ဘာ့ဖလားချန်ပီယံအမေရိကန်အသင်းနဲ့ခြေစွမ်းပြခဲ့တဲ့ မီဂန်ရက်ပီနိုး ဖြစ်တယ်လို့သိရပါတယ်။အကောင်းဆုံးဂိုးသမား( လက်ဗ်ယာရှင်ဆု) ကိုတော့အယ်လစ်ဆင်က ရရှိသွားဖို့များနေပြီး ဆန်ချိုက လူငယ်အကောင်းဆုံးဆုအတွက်ရေပန်းစားနေတယ်လို့ သိရပါတယ်။

SPORTS MYANMAR