တော့တင်ဟမ် အသင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က အပြောင်းအရွှေ့ မပိတ်မှီ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး ဟာ အကြောင်းအရင်း နှစ်ခုကြောင့် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာလိမ့်မယ်လို့ အခိုင်အမာ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဒါရင်းဘန့် က တီယာနေး ဟာ စကော့တလန် လိဂ်မှာ ဆဲလ်တစ် အသင်း နဲ့ အတူ ဖလား အောင်မြင်မှု အတော်များများ ရယူ ခဲ့ပြီးတာကြောင့် ၊ ကမ္ဘာ့အကောင်းဆုံးလိဂ် တစ်ခု ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာလိမ့်မယ်လို့ ဆိုပါတယ် ။

ဆဲလ်တစ် နဲ့ စကော့တလန် နောက်ခံလူ တီယာနေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းဟာ ပေါင် ၁၅သန်းနဲ့ တစ်ကြိမ် ၊ ပေါင် ၂၅သန်းနဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ် ။ ဆဲလ်တစ် အသင်းဟာ တီယာနေး အတွက် ပေါင် သန်း ၃၀ အထိ အလိုရှိနေတယ်လို့လည်း သိရပါတယ် ။

အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ တီယာနေး အတွက် တတိယ အကြိမ်မြောက် ကမ်းလှမ်းမှုကို လာမယ့် ရက်ပိုင်းအတွင်း ပြု လုပ်သွားမယ်လို့ သိရပါတယ် ။ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ အာဆင်နယ် နဲ့ တီယာနေး တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို Football Inider မှာ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

ဒါရင်းဘန့် က ” တီယာနေး ဟာ ဆဲလ်တစ် အသင်းကနေ ထွက်ခွာပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ် ။ အခု လက်ရှိ အခြေအနေတွေ အရတော့ ဆဲလ်တစ် ဘက်က တီယာနေး အတွက် ပြောင်းရွှေ့ကြေး ပိုလိုချင်နေပြီး အာဆင်နယ် အသင်းက ပေးဖို့ တုန့်ဆိုင်းနေတာကို တွေ့ရပါတယ် ။ ”

” အာဆင်နယ် အသင်းကို ပြောင်းရွှေ့ချင်နေတဲ့ တီယာနေး ကို သွားပြီး အပြစ်ပြောလို့တော့ မရပါဘူး ။ ဆဲလ်တစ်က အသင်းကြီး တစ်သင်းပါ ၊ သူအနေနဲ့ စကော့တလန် ပရီးမီးယားလိဂ်မှာ ဖလား အောင်မြင်မှုတွေ အများကြီး ရယူထားပြီး ဖြစ်သလို သူ့ရဲ့အရည်အသွေးကောင်းတွေကို ပြသထားပြီးပါပြီ ။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံး လိဂ်တစ်ခု ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသဖို့ ဆန္ဒ ရှိနေမှာပါပဲ ။ ” လို့ ဆိုပါတယ် ။

တီယာနေး ဟာ ဆဲလ်တစ် အသင်း နဲ့ စာချုပ် သက်တမ်း ၂၀၂၃ အထိ ကျန်ရှိ နေသေးတာကြောင့် ဆဲလ်တစ် အသင်းဘက်က ပြောင်းရွှေ့ ကြေး အနည်းအကျဉ်းနဲ့တော့ လက်လွှတ်သွားဖို့တော့ မရှိပါဘူး ။ ဆဲလ်တစ် အသင်း နည်းပြ နေးလ်လန်နွန် ကလည်း တီယာနေး အတွက် သူတို့ သတ်မှတ်ထားတဲ့ ဈေးကို ပေးပြီး ကမ်းလှမ်းလာတဲ့ အသင်းမရှိသေးကြောင်း ဝန်ခံထားပါတယ် ။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ တီယာနေး ဟာ ဆဲလ်တစ် အသင်း အတွက် ပွဲပေါင်း ၁၇၀ ကျော် ကစားပေးထားပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဆဲလ်တစ် အသင်းနဲ့ အတူ တစ်ရာသီတည်း ဖလား သုံးလုံး ရယူ နိုင်ခဲ့ပါတယ် ။ တီယာနေး ဟာ ယခု လက်ရှိ အချိန်မှာ ပေါင်ခြံ နဲ့ အစာအိမ် ဝေဒနာတွေ ခံစား နေရတာကြောင့် ရှစ်ပတ် ( နှစ်လခန့် ) အနားယူရမယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR