အာဆင်နယ် အသင်း နောက်ခံလူ ကလန် ချိန်ဘာ က နည်းပြ အူနိုင်း အမ်မရီ ထုတ်ပယ် ခံလိုက်ရတဲ့ အချိန်မှာ ယာယီ နည်းပြသစ် ဖြစ်လာတဲ့ ယွန်းဘတ် ဟာ အသင်းသားတွေ အားလုံးကို ပျော်ရွှင်စွာ ဘောလုံး ကစားကြဖို့ တိုက်တွန်း တောင်းဆို ခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ် နဲ့ စွမ်းဆောင်ရည်ကောင်းတွေ မရရှိတာကြောင့်နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ လိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အူနိုင်း အမ်မရီ နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေ နေချိန်မှာ လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ်ထားပါတယ် ။ ယွန်းဘတ်ဟာ မနေ့က သူ့ရဲ့ ပထမဦး ပွဲဦးထွက်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး နောဝှစ်ချ် စီးတီး အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နောက်ခံလူ ချိန်ဘာက ပရီးမီးယားလိဂ် နဲ့ အင်တာဗျူးမှာ ယွန်းဘတ် လက်ထက် အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ဂိုးတွေ ပေးနေရတာကတော့ ဘယ်တော့မှ ကောင်းတဲ့ အရာ မဟုတ်ပါဘူး ။ ”

” ကျနော်တို့ ကစားချင်ခဲ့တဲ့ ပုံစံက တိုက်စစ် ကစားချင်တာပါ ၊ ကိုယ်ပိုင်ဟန်နဲ့ပေါ့ဗျာ ။ ဒါပေမယ့် ကျနော်တို့ ဟန်ချက်ညီအောင် ကစားနိုင်ဖို့တော့ လိုအပ်နေခဲ့ပါတယ် ၊ နောက်တန်းကိုလည်း လုံအောင် ကစားနိုင်ဖို့ လိုပါတယ် ၊ ဒါက ကျနော်တို့ လုံးဝ အာရုံစိုက် လုပ်ဆောင်ရမယ့် အရာပါ ။ ”

” ဒါပေမယ့် ဖရက်ဒီ ကတော့ ကျနော်တို့ အားလုံးကို ဘောလုံး ကို ပျော်ပျော်ရွှင်ရွှင် ကစားဖို့ နဲ့ ကိုယ့်အားသာတဲ့ အရာကို အကောင်းဆုံး လုပ်ဖို့ အဓိက မှာကြား ထားပါတယ် ၊ ကျနော်တို့ တိုးတက်ကောင်းမွန်လာတာတွေလည်း ရှိသလို ဒီထက် ပိုကြိုးစားဖို့ လိုအပ်နေတာတွေလည်း ရှိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အပြီးမှာ နိုင်ပွဲ ၄ ပွဲ ၊ ရှုံးပွဲ ၃ ပွဲ နဲ့ သရေပွဲ ၇ ပွဲ အထိ ရှိနေပြီး အဆင့် ၈ နေရာ အထိ ရောက်ရှိ နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ အဆင့်လေးနေရာက ချဲလ်ဆီး အသင်းနဲ့ အမှတ်ကွာဟချက် ၇ မှတ်အထိ ရှိနေပါတယ် ။

ဒီဇင်ဘာ ပွဲကြပ်ကာလတွေဟာလည်း အခု တစ်ပတ်မှာ စတင်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ သောကြာနေ့မှာ ဘရိုက်တန် ၊ လာမယ့် အပတ် အင်္ဂါနေ့မှာ ဝက်စ်ဟမ်း တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR