အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အမှား များခဲ့တဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက် ဆဲလ်တစ် နောက်ခံလူ တီယာနေး ကို ခေါ်ယူဖို့ ကြိုးစား နေပါတယ် ။ ဂန်းနား ပရိသတ်တို့ကလည်း မူစတာဖီ ကို ရောင်းထုတ်ကာ ဗဟို နောက်ခံလူကောင်း တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဖိအားပေး တိုက်တွန်းနေကြတာကို တွေ့ရပါတယ် ။

ချဲလ်ဆီး အသင်း ကစားသမားဟောင်း ကက်စ်ကာရီနို ကတော့ အာဆင်နယ် အသင်း ပရိသတ်တွေနဲ့ အမြင်မတူဘဲ လာမယ့် ရာသီသစ်မှာ ဂန်းနားတို့ရဲ့ ဂိုးသမား နေရာဟာ အင်အား နည်းနေကြောင်း ဝေဖန် ထောက်ပြ ပြောကြား လိုက်ပါတယ် ။ ဒါ့အပြင် ကက်စ်ကာရီနိုက ပြီးခဲ့တဲ့ ရာသီက လီနို ရဲ့လက်စွမ်းကို အားမရခဲ့ပေမယ့် လာမယ့် ရာသီသစ်မှာတော့ ပိုကောင်းလာလိမ့်မယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လီနို နဲ့ ပီတာဆက်ခ်ျ ကို အဓိက ပွဲထွက် အသုံးပြု ခဲ့ပြီး ရာသီကုန်မှာ ပီတာဆက်ခ်ျ ကစားသမား ဘဝက အနားယူသွားပြီ ဖြစ်တာကြောင့် လီနို တစ်ဦးတည်းသာ ကျန်ရှိပါတော့တယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းမှာ အရန်ဂိုးသမားတွေ အဖြစ် မာတီနက်ဇ် ၊ အိုကွန်ကူး ၊ အီလီယက်ဖ် ၊ မက်မာစီ တို့ ရှိနေကြပါတယ် ။

ကက်စ်ကာရီနို က talkSport မှာ ” အာဆင်နယ် အသင်းမှာ ကျနော် သိပ်အားမရမိတဲ့ နေရာ ၊ ပြီးခဲ့တဲ့ ရာသီက စိုးရိမ်တကြီးနဲ့ စောင့်ကြည့် ခဲ့ရတဲ့ နေရာက ဂိုးသမားပါ ။
လီနို က ဒီနှစ်မှာ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ ၊ ပိုကောင်းလာမယ်လို့လည်း ထင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီတုန်းကဆို လီနို က အလွယ်တကူ ဖမ်းလို့ ရတဲ့ ဘောလုံးတွေကိုတောင် ပုတ်ထုတ်တာမျိုးတွေ တွေ့ရပါတယ် ။ အဲ့အချိန်ကတည်းက လီနို ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းလာနိုင်သေးတယ်ဆိုတာ ကျွန်တော် ရိပ်မိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း ကစားသမားဟောင်း ရေးပါလာကတော့ ရေးပါလာ က ကော့စီရယ်နီ ထွက်ခွာ သွားပါက သူ့ နေရာ ပြန်လည် ဖြည့်တင်းဖို့ နောက်ခံလူ တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ် နေသေးကြောင်း နဲ့ အာဆင်နယ် အသင်း ရဲ့ လက်ရှိ နောက်တန်း အစုအဖွဲ့ နဲ့ ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ မသေချာကြောင်း သုံးသပ် ပြောကြား ထားပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်တန်း အင်အား တောင့်တင်းဖို့ အတွက် ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး ကို ခေါ်ယူ ဖို့ ကြိုးပမ်း နေသလို ဂျူ ဗင်တပ်စ် အသင်း ရဲ့ အီတလီ နောက်ခံလူ ရူဂါနီ ကို လည်း အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ရေးပါလာ က talkSport မှာ ပြောကြား ခဲ့ရာမှာ ” ကျွန်တော်တို့ အသင်းက ကစားသမားကောင်းတွေ ခေါ်ယူထားပေမယ့် အခု အချိန်မှာ နောက်ခံလူ ထပ်ခေါ်ဖို့တော့ လိုအပ်နေပါတယ် ။ နောက်တန်းက ကျွန်တော်တို့ မဖြစ်မနေ ကစားသမားသစ် ထပ်ခေါ်ဖို့ လိုအပ်နေတဲ့ အဓိက နေရာပါ ။ ”

” ကျွန်တော်တို့ အားလုံး သိပြီးသား ကိစ္စတစ်ခု ဖြစ်တဲ့ အမေရိက ခြေစမ်းပွဲ ခရီးစဉ် ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တဲ့ ကော့စီရယ်နီ ကလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး ။ အာဆင်နယ် အသင်းအနေနဲ့ ထိပ်ဆုံး လေးသင်းထဲ ဝင်နိုင်ဖို့ ဆိုရင် နောက်တန်း အတွက် ကစားသမားသစ် ခေါ်မှရမှာပါ ။ တီယာနေး ကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သူက တကယ် အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦးပါ ။ ” လို့ ပြောကြား ထားပါတယ် ။

SPORTS MYANMAR