ပက်ဂွာဒီယိုလာ က သူ့ရဲ့ ဗဟိုခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဂျွန်စတုန်းနဲ့ နစ်ကိုလပ်စ် အော်တာမန်ဒီ တို့ကို မန်ချက်စတာစီးတီး အသင်းရဲ့ ဗဟိုခံစစ်မှာ ဘာ့ကြောင့် တွဲဖက် ကစားရန် ငြင်းဆန် နေသလဲ ဆိုတာကို ရှင်းပြလိုက် ပါတယ်။ မန်စီးတီး မန်နေဂျာဟာ ပြီးခဲ့တဲ့ နွေရာသီ ကာလက ဖာနန်ဒင်ညို ကို ဗဟိုခံစစ်မှာ စမ်းသပ် သုံးစွဲ ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲစဥ်တွေမှာ ဘရာဇီး ကွင်းလယ်လူကို စတုန်း အော်တာမန်ဒီ တို့ထက် ဦးစားပေးကါ အဆိုပါ နေရာအတွက် သုံးစွဲ နေပါတယ်။

ဂွာဒီယိုလာ အနေနဲ့ လာမည့် ဘန်လေနဲ့ ပွဲစဥ်မှာတော့ အတွေး ​ပြောင်းသွားနိုင်ပြီး စီးတီးဟာ အမြင့်ဘောတွေ အားကောင်းတဲ့ အက်ရှ်လေဘန်း ၊ ခရစ်ဝုဒ် တို့လို တိုက်စစ်မှုးတွေနဲ့ ရင်ဆိုင် ရမယ့် အပြင် ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ ကွင်းလယ် ခံစစ်နေရမှာ ကစား ခဲ့တဲ့ ဂွန်ဒိုဟန် ကလည်း အဝါကတ် ငါးကြိမ် ထိခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံ ရမှာ ဖြစ်ပြီး စိန့်ဂျိမ်းပက်မှာ တုန်းက အရန်ခုံ ကနေသာ လူစားဝင်ခွင့် ရခဲ့တဲ့ ရိုဒရီကပဲ ကွင်းလယ် ခံစစ်နေရာကို ပြန်လည် တာဝန်ယူ သွားဖို့ ရှိနေပါတယ်။

စီးတီး ပရိတ်သတ်တွေ ကတော့ ပြီးခဲ့တဲ့ ရာသီတွေက ကွင်းလယ်ခံစစ် နေရာမှာ အကောင်းဆုံး ကစားခဲ့သူ ဖာနန်ဒင်ညို ကို ဒီနေရာမှာ ပြန်ကစား စေဖို့ အလို ရှိနေကြပါတယ်။ စတုန်းနဲ့ အော်တာမန်ဒီ တို့ဟာ ၂၀၁၇-၁၈ ရာသီက မန်စီးတီး တို့ ပရီးမီးယားလိဂ် ဖလား သိမ်းပိုက် ခဲ့တဲ့ ရာသီမှာ ပုံမှန် ကစား ခဲ့ရသူတွေ ဖြစ်ခဲ့ကြပေမယ့် စတုန်းရဲ့ ခြေစွမ်း မတည်ငြိမ်မှု ၊ အော်တာမန်ဒီ ရဲ့ အမှားများမှုတွေကြောင့် ဂွာဒီယိုလာ ရဲ့ စိတ်တွေ ပြောင်းသွား ခဲ့ပါတယ်။ အေအရစ်လာပေါ့ဒ် ဒဏ်ရာ ရနေပြီး ကွန်ပနီ မရှိတော့တဲ့ အချိန်မှာ ကြံ့ခိုင်မှု အပြည့် ရှိနေကြတဲ့ ၎င်းတို့ နှစ်ဦးကို ဘာ့ကြောင့် တွဲဖက် မကစား စေတာလဲ? ဆိုပြီး ပက်ကို မေးခွန်း ထုတ်ခဲ့ပါတယ်။

ပက်က “ကျွန်တော် ဖာနန်ဒင်ညို ဒီနေရာမှာ ကစားတာကို အရမ်း ကြိုက်ပါတယ်။ အခုချိန်မှာ ကျွန်တော် ဖာနန်ဒင်ညို ကို စတုန်း အော်တာမန်ဒီ တို့ထက် ကြိုက်နေပါတယ်။ ဒါ့ကြောင့် သူကစား နေရတာပါ။ ကွင်းလယ် ခံစစ် နေရာ အတွက် ကိုတော့ ကျွန်တော် ရိုဒရီနဲ့ ဂွန်ဒိုဟန် တို့ကို ပိုကြိုက်ပါတယ်။ ဒါ့ကြောင့် သူတို့ ကစား နေရတာပါ။ ဂွန်ဒိုဟန် ဟာ ပြီးခဲ့တဲ့ ပွဲမှာ အဝါကတ် ထိခဲ့ပြီး ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ ရပါတယ်။ ဒါ့ကြောင့် သူပါဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူနဲ့ သူ့ အရည်အသွေးကို လွမ်းနေမှာပါ။ ဒါပေမယ့် နောက်တစ်ယောက် ဝင်ကစား ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

မန်စီးတီး ဟာ စနေနေ့က နယူးကာဆယ် နဲ့ စိန့်ဂျိမ်းပက်မှာ ၂ ဂိုးစီ သရေကျ ခဲ့ပြီးနောက် ထိပ်ဆုံးက လီဗာပူးနဲ့ ၁၁ မှတ်ထိ ကွာဟသွား ခဲ့ကာ ဂွာဒီယိုလာ က သူ့ရဲ့ တိုက်စစ် ကစားသမားတွေ အနေနဲ့ ယခုထက် ပိုမို အဆုံးသတ် ကောင်းရန် တိုက်တွန်း လိုက်ပါတယ်။ မန်စီးတီးဟာ စတိဘရူ့ရဲ့ အသင်းနဲ့ ပွဲမှာ ဂိုးကန်သွင်းမှု ၂၄ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့ပေမယ့်လည်း ၂ ဂိုးသာ ရရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ငါးကြိမ်မြောက် အမှတ်တွေ ဆုံးရှုံး ခဲ့ပါတယ်။

အဓိက တိုက်စစ်မှုး ဆာဂျီယိုအဂွေးရိုးဟာ ဒဏ်ရာကြောင့် လာမည့် စနေနေ့ မန်ချက်စတာဒါဘီ ကိုပါ လွဲချော် သွားမှာ ဖြစ်ကာ ဂါဘရီရယ်ဂျီဆု ကလည်း ဂိုးသွင်းခြေ ပျောက်နေပြီး ၎င်းနောက်ဆုံး သွင်းယူ ခဲ့တဲ့ ဂိုးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက့်နေက ဖြစ်ပါတယ်။ စီးတီး မန်နေဂျာ က ယနေ့ည တပ်မိုးမှာ ကစားရမယ့် ပွဲမတိုင်မီ သူ့ရဲ့ အသင်းအနေနဲ့ ဒီထက် ပိုမို အဆုံးသတ် တိကျရန် တိုက်တွန်း လိုက်ပါတယ်။


ပက်က “ကျွန်တော်တို့ နယူးကာဆယ် နဲ့ ပွဲမှာ ဂိုးကန်သွင်းခွင့်မှု ၂၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ်။ အားလုံးတော့ ဂိုးပေါက် မတည့်ဘူး ပေါ့ဗျာ။ ကျွန်တော်တို့ ပြိုင်ဘက် ဂိုးသမားနဲ့ ၃ ကြိမ် ၄ ကြိမ်လောက် တစ်ဦးချင်း ရင်ဆိုင် ခဲ့ရပါတယ်။ သူတို့ ၂ ကြိမ် ကန်ခွင့် ရခဲ့ပြီး ၂ ဂိုးသွင်း သွားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးတွေ အများကြီး ဖန်တီးဖို့နဲ့ နည်းနည်းသာ ပြန်ခွင့်ပြဖို့ အမြဲ ကြိုးစား ပါတယ်။

အမှတ်ပေးဖလား ဆွတ်ခူး နိုင်သေးတယ် ဆိုတဲ့ ယူံကြည်ချက်တွေ အသင်းသားတွေ ဆီမှာ ရှိနေတာကို မြင်ရတာဟာ တကယ် ကောင်းပါတယ်။ ကျွန်တော်တို့ မနက်ဖြန် အနိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိနေရပါမယ်။ ဒါဟာ အရေးကြီး ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ပွဲတွေ ရဖို့ ဘယ်လို ကစားသွား မလဲ ဆိုတာနဲ့ ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ပွဲက လိုမျိုး ၊ ချဲလ်ဆီးနဲ့ ပွဲက ၇၅ မိနစ်လောက် အကောင်းဆုံး ကစား သွားခဲ့သလိုမျိုး လုပ်ပြဖို့သာ စဥ်းစား သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM