အင်္ဂလန်နိုင်ငံရဲ့ သက်တမ်း အရင့်ဆုံး ဆုဖလားပြိုင်ပွဲကြီး တခုဖြစ်တဲ့ FA ဖလား ပြိုင်ပွဲဟာ တတိယအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေ ရဲ့ ပွဲစဉ် တွေ လည်း ပါဝင်လာခဲ့ ပြီဖြစ်ပါတယ်။ဒီပွဲတွေကို တော့ လာမယ့် ဇန်နဝါရီလ ၃ရက်နဲ့ ၆နေ့ တွေအတွင်း ကစားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တတိယ အဆင့် ပွဲစဉ်တွေ အတွက် မဲခွဲပွဲ အခမ်းအနားကို လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းရဲ့ အီတီဟတ် ကွင်းကြီး မှာ ကျင်းပခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက ပေါ့တ်ဗေးလ်အသင်းကို အိမ်ကွင်းမှာဧည့်ခံရမှာဖြစ်ပါတယ်။FA ဖလားရဲ့ အအောင်မြင်ဆုံး အသင်းတသင်းဖြစ်တဲ့အာဆင်နယ်တို့ကတော့ လိဒ်အသင်းကိုအမ်းမရိတ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ချဲဆီးလ် အသင်းကလည်း နော်တင်ဟမ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရတော့မှာဖြစ်ပါတယ်။လီဗာပူး အသင်းကတော့ မာဆေးဆိုက်ဒ်ဒါဘီ ပြိုင်ဘက် အဲဗာတန် အသင်းကို အန်ဖီးလ်မှာရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

နည်းပြသစ်မော်ရင်ဟိုရဲ့စပါး အသင်းကတော့ မစ်ဒယ်ဘရော့ချ် အသင်းကို အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီး နာမည်ကြီး ယူနိုက်တက်အသင်းကလည်း ဝုဗ်လ် အသင်းကို အဝေးကွင်းမှာပဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းဟာ ဒီရာသီအစမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးပြိုင်ပွဲစုံ ၃ပွဲမှာလည်း နိုင်ပွဲပျောက်ထားပါတယ်။

သူတို့ဟာ ယူရိုပါလိဂ်မှာ နောက်တဆင့် ကို တက်လှမ်းထားနိုင် ခဲ့ပြီ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၁၄ပွဲကစားအပြီးမှာရမှတ်၁၈ မှတ်နဲ့ အဆင့်၉နေရာအထိကျရောက်နေပါတယ်။ဒါ့အပြင် စပါး၊မန်စီးတီး အသင်းတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်းဖြစ်ပြီး ၁၂ ကြိမ်အထိ ဗိုလ်စွဲထားခဲ့ပေမယ့် ၂၀၁၅-၁၆ရာသီနောက်ပိုင်း ဆုဖလားနဲ့ဝေးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်ရဲ့ ၁၃ ကြိမ်ကိုလိုက်မီနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီရာသီမှာတော့ ပြည်တွင်း လိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်နေပြီး ပြည်တွင်းဖလားပြိုင်ပွဲတွေကပဲ သူတို့အတွက် မျှော်လင့်ချင်စရာပစ်မှတ်အဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် လည်းFA တတိယအဆင့်မှာ Giants-Killer ဝုဗ်လ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့ရှိနေလို့ သူတို့ရဲ့ အိပ်မက်တွေစောစောစီးစီး အဆုံးသတ် လိုက်ရမှာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။လတ်တလောဆိုးရွားတဲ့ အခြေအနေမှာ အဆိုးဆုံးဖြစ်သွားမှာကို သူတို့ကပူပန်နေကြတာလည်းဖြစ်ပါတယ်။

နည်းပြ နူနိုဆန်းတို့စ်ရဲ့ ဝုဗ်လ်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးတွေ နဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ ထူးထူးခြားခြားဆိုသလိုပိုပြီးခြေစွမ်းပြတတ်တာဖြစ်ပါတယ်။တိုက်ဆိုင်နေတာကတော့ယူနိုက်တက် အသင်းကို အစဉ်အလာအားဖြင့်ဒုက္ခပေးနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဝုဗ်လ် အသင်း နဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး လေးကြိမ်ဆက် နိုင်ပွဲပျောက်ဆုံး ထားခဲ့ပြီး အဆို ပါ ပွဲတွေထဲ က အဝေးကွင်းပွဲစဉ် ၂ပွဲဆက် ရှုံးပွဲကြံုတွေ့ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အခုအဝေးကွင်းပွဲအတွက် ယူနိုက်တက်ပရိသတ်တွေက ပူပန်နေကြပြီး ချဲဆီးလ်နဲ့တောင်တွေ့လိုက်ချင်တယ်လို့ဆိုနေကြပါတယ်။

ဝုဗ်လ်နဲ့ တွေ့ဆုံနေတဲ့ အပေါ် ယူနိုက်တက်ဖန်တဦးက တွစ်တာအကောင့်မှာ –
” ဒါဟာ အသင်းရဲ့ အဆုံးသတ်ရမယ့်နေရာဖြစ်ပါတယ် ” လို့စိတ်ပျက်လက်ပျက်ရေးသားခဲ့ပါတယ်။အခြားတဦးကလည်း -” နောက်ထပ်ရှံုးပွဲတပွဲပဲ “လို့မှတ်ချက်ပေးထားပါတယ်။နောက်တဦးကလည်း -” ဒီပွဲပြီးရင်တော့ ငါတို့အသင်းထွက်ရပါပြီကွာ ” လို့ ဖော်ပြသွားခဲ့ပြီး၊ အချို့ပရိသတ်တွေက ” ဝုဗ်လ်နိုင်ပြီလို့သာကြေငြာလိုက်ပါတော့” ၊ ” ချဲလ်ဆီးလ် အသင်းနဲ့ တွေ့ဆုံခဲ့သင့်တာဖြစ်ပါတယ် ” အစရှိတဲ့ မှတ်ချက်တွေကို ရေးသားဖော်ပြသွားခဲ့ကြတာဖြစ်ပါတယ်။

SPORTS MYANMAR