မနေ့ ညကပဲ ကျင်းပ ပြီးစီး သွားခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွက် Ballon D’Or ဆုပေးပွဲ မှာ သံတမန် အဖြစ် လုပ်ဆောင် နေတဲ့ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာ ဟာ အခမ်းအနား မစတင်မီ ပီအက်စ်ဂျီ အသင်း ရဲ့ ပြင်သစ် လူငယ် တောင်ပံ တိုက်စစ် ကစားသမား ကိုင်လီယန် အမ်ဘတ်ပေ နဲ့ အတူတူ selfie ဆွဲခဲ့ပါတယ် ။

လွန်ခဲ့တဲ့ ၁၀နှစ် ၊ ၂၀၀၉ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ၊ ဘာစီလိုနာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ခဲ့စဉ်က အမ်ဘတ်ပေ ဟာ ချယ်လ်ဆီး အသင်း မှာ ဘောလုံး စတင် လေ့ကျင့် ကစားနေတာကြောင့် ၊ ထို ပွဲစဉ် မှာ ၄င်းရဲ့ idol တဦး ဖြစ်တဲ့ ဒရော့ဘာ နဲ့ ဓာတ်ပုံ အတူ တွဲရိုက်ဖို့ တောင်းဆို ခဲ့ပေမယ့် ၊ ဒရော့ဘာ ဟာ အမ်ဘတ်ပေ ရဲ့ တောင်းဆိုချက် ကို လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး ။

အကြောင်း ကတော့ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ကွင်းလယ်ဒိုင် တွမ်ဟန်းနင်း အိုဗရီဘို ရဲ့ တဖက်သတ် ဆန်လွန်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့် အတော်လေး နစ်နာ ခဲ့ရကာ ၊ ပွဲအပြီး မှာ ချယ်လ်ဆီး တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ၂နှစ်ဆက် တက်ရောက်ခွင့် လွဲချော် ခဲ့ရပါတယ် ။ ထို ပွဲပြီးပြီးချင်း ဒရော့ဘာ ဟာ အိုဗရီဘို ကို အတော်လေး ဒေါသပုန် ထခဲ့ပြီး ၊ ၄င်းထံသို့ အတင်း ဝင်ရောက်လာကာ ၊ မမျှတတဲ့ ဆုံးဖြတ်ချက် တွေ အတွက် ဖြေရှင်းချက် တောင်းခဲ့ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ပင်နယ်တီ ရရှိနိုင်ခြေ ရှိတဲ့ အနေအထား များစွာ ကြုံခဲ့ပေမယ့် ကွင်းလယ်ဒိုင် အိုဗရီဘို ကတော့ လုံးဝ မျက်ကွယ်ပြုခဲ့ပါတယ် ။ ချယ်လ်ဆီး တို့ ဦးဆောင်ဂိုး တဂိုး နဲ့ ပွဲကို တောက်လျှောက် ဦးဆောင် လာခဲ့ပေမယ့် ၊ နာကျင် အချိန်ပို နောက်ဆုံး မိနစ် ၊ နောက်ဆုံး စက္ကန့် မှာ ဘာစီလိုနာ အတွက် အင်နီယေစတာ က အဖိုးတန် ချေပဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ၊ အဆုံးမှာ အဝေးဂိုး နဲ့ ဘာစီလိုနာ က ဖိုင်နယ် သို့ တက်ရောက် သွားခဲ့ပါတယ် ။

ကွင်းလယ်ဒိုင် ဆီက ဘာဖြေရှင်းချက် မှ မရခဲ့တဲ့ ဒရော့ဘာ ကတော့ ပွဲပြီးပြီးချင်း စိတ်မကြည်မလင် ဖြစ်ခဲ့တာကြောင့် အမ်ဘတ်ပေ ရဲ့ ဆန္ဒ ကို ဖြည့်ဆည်း ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ် ။ မနေ့က Ballon D’Or ဆုပေးပွဲ မှာတော့ ဒရော့ဘာ ဟာ အမ်ဘတ်ပေ နဲ့ အတူ selfie တွဲရိုက်ခဲ့ကာ ၊ အကြွေး ပြန်ဆပ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

 

အစီအစဉ် အတွင်း မှာ ဒရော့ဘာ က ” လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်က ၊ ချန်ပီယံလိဂ် ပွဲအပြီးမှာ ချာတိတ်လေး တယောက် ဟာ ကျွန်တော့ ဆီ လာပြီး ဓာတ်ပုံ တပုံ အတူ တွဲရိုက်ဖို့ တောင်းဆို ခဲ့ပါတယ် ။ ဒါပေမယ့် စိတ်ပျက်စရာ ရလဒ်ကြောင့် ကျွန်တော် No လို့ ပြောပြီး ငြင်းခဲ့ပါတယ် ။ အခု အခါမှာတော့ အဲ့ဒီ ချာတိတ် ဟာ ကိုင်လီယန် အမ်ဘတ်ပေ ဖြစ်နေတယ် ဆိုတာ ကျွန်တော် သိနေရပါပြီ ။ ဒါကြောင့် အခု ချက်ချင်း ကျွန်တော် အဲ့ဒီ အကြွေး ကို ပြန်ဆပ် ချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အခုလို selfie ရိုက်ခဲ့တဲ့ အထဲမှာ အမ်ဘတ်ပေ အပြင် ၊ ဒရော့ဘာ က အခမ်းအနား တက်ရောက် လာတဲ့ နာမည်ကျော် ဘောလုံးသမား တွေ အားလုံး ပါ ပါဝင်ဖို့ အတွက် တောင်းဆို ခဲ့ပါသေးတယ် ။ ယင်းနှင့် ပတ်သက်ပြီး ဒရော့ဘာ က ၂၀၁၄ အော်စကာ ဆုပေးပွဲ မှာ နာမည်ကျော် အစီအစဉ် တင်ဆက်သူ Ellen DeGeneres ရဲ့ နာမည်ကျော် selfie ကို ပုံစံတူ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ရှင်းပြ ခဲ့ပါတယ် ။

အမ်ဘတ်ပေ ဟာ ထိုစဉ် က ချယ်လ်ဆီး အသင်း မှာ တပတ် ခန့်မျှ ခြေစွမ်း လာရောက် အစမ်းသပ်ခံရင်း နဲ့ ချယ်လ်ဆီး – ဘာစီလိုနာ ပွဲစဉ် မှာ ဒရော့ဘာ နဲ့ အတူ ဓာတ်ပုံ တွဲရိုက်ခွင့် ရဖို့ စောင့်ဆိုင်း ခဲ့တာ ဖြစ်ပါတယ် ။ အမ်ဘတ်ပေ ဟာ ကျောဖက်မှာ ၄င်းရဲ့ နာမည် နဲ့ နံပါတ် ၁၀ ကို ရေးထိုးထားတဲ့ ဂျာစီ ကို အခုအချိန် ထိ သိမ်းထားဆဲ ဖြစ်ကြောင်း သိရပါတယ် ။

SPORTS MYANMAR