အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ရဲ့ နည်းပြရာထူးအတွက် အထူး ရေပန်းစားနေတဲ့ တော့တင်ဟမ် အသင်း နည်းပြဟောင်း ပိုချက်တီနို က သူ့အနေနဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံ ကြိုဆိုကြောင်း နဲ့ မကြာမှီ နည်းပြလောက အတွင်းသို့ ပြန်လည် ဝင်ရောက်လာမယ်လို့ ဆိုပါတယ် ။

တော့တင်ဟမ် အသင်းကို ငါးနှစ်ခွဲကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ဟာ မနှစ်က တော့တင်ဟမ် အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် အထိ ပို့ဆောင် ပေးနိုင်ခဲ့သူ ဖြစ်ပြီး ထိပ်တန်း အသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ တော့တင်ဟမ် အသင်းဟာ ရလဒ်ပိုင်း ဆက်တိုက် ဆိုးရွား နေတဲ့အပြင် နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက်လည်း နိုင်ပွဲ ပျောက်ဆုံး နေတာကြောင့် နည်းပြ ပိုချက်တီနို ကို ထုတ်ပယ် လိုက်တာလည်း ဖြစ်ပါတယ် ။

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနို ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းရဲ့ မဟာပြိုင်ဘက် မန်ယူနိုက်တက် နဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် နဲ့ ရီးရဲလ် မက်ဒရစ် တို့ကလည်း စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ပိုချက်တီနို က Fox Sport Argentina နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ် ။ ” ကျနော့်ကို ခေါ်ဖို့ စိတ်ဝင်စား နေကြတဲ့ အသင်းတွေ ၊ ဆွဲဆောင် နေကြတဲ့ အသင်းတွေ အများကြီး ရှိနေတာကို သိပါတယ် ။ ”

” တော့တင်ဟမ် အသင်းနဲ့ အတူ ငါးနှစ် ခွဲလောက် ဖြတ်သန်းပြီးတဲ့ အခါမှာတော့ အေးအေးဆေးဆေး နားနေချင်ပါသေးတယ် ၊ ကျနော် အခု ရည်မှန်းထားတာက ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ နဲ့ ယုံကြည်မှု ပြန်ရှိလာအောင် လုပ်ဖို့ပါပဲ ။ ”

” ကျနော်ကတော့ ဥရောပမှာပဲ နည်းပြ ပြန်လုပ်ချင်ပါတယ် ၊ အာဂျင်တီးနား မှာ နည်းပြ လုပ်ဖို့ ဆိုတာကတော့ ခက်ခဲပါတယ် ၊ အခု အချိန်မှာ ကျနော့် အနေနဲ့ ရက်အနည်းငယ်လောက် အနားယူပြီး အခြေအနေကို စောင့်ကြည့် သွားရမှာပါ ၊ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့ အချိန်တောင် သိပ်မရပါဘူး ။ ”

” ကျနော် ချမှတ်ခဲ့တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကတော့ အာဂျင်တီးနား ကို ပြန်ပြီး အခုလို မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ပါ ၊ ပြီးရင်တော့ ဥရောပကို ပြန်သွားဖို့ မျှော်မှန်း ထားပါတယ် ၊ အာဂျင်တီးနား မှာ ဆယ်ရက်လောက် အနားယူဖို့ လာခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR