ဂန်းနားတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ်ဆီမန်း က အာဆင်နယ် အသင်းသားတွေ အားလုံး နီးပါးဟာ နည်းပြသစ် အဖြစ် တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို ကို အလိုရှိမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ် နဲ့ စွမ်းဆောင်ရည်ကောင်းတွေ မရရှိတာကြောင့်နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ လိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အူနိုင်း အမ်မရီ နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေ နေချိန်မှာ လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ်ထားပါတယ် ။ ယွန်းဘတ်ဟာ တနင်္ဂနွေနေ့က သူ့ရဲ့ ပထမဦး ပွဲဦးထွက်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး နောဝှစ်ချ် စီးတီး အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ အခုအချိန်မှာ နည်းပြသစ် ရှာဖွေနေဆဲ ဖြစ်ပြီး စပါးနည်းပြဟောင်း ပိုချက်တီနို ၊ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာ ၊ ဝုလ်ဗ် နည်းပြ နူနို ဆန်တိုစ့် ၊ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီ တို့ကို ပစ်မှတ်ထား ချိတ်ဆက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ် ရယူနိုင်ခဲ့တဲ့ ဒေးဗစ်ဆီးမန်းက TalkSport နဲ့ အင်တာဗျူးမှာ ” အသင်းရဲ့ နည်းပြ နေရာအတွက် လူတွေ အများကြီး နဲ့တော့ သတင်းတွေ ထွက်နေတာပါပဲ ၊ ကျနော်က ဗီအဲရာ လို ကို အသင်းကို နည်းပြခွင့် ရစေချင်ပါတယ် ။ ”

” ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်လာနိုင်ဖွယ်တော့ မရှိပါဘူး ၊ ဒါပေမယ့် နောက်ထပ် အကြိုက်တွေ့မိတဲ့ နည်းပြ တစ်ဦးကတော့ ပိုချက်တီနို ပါ ၊ အခု အချိန်မှာသာ ကစားသမားတွေဆီ သွားပြီး ပိုချက် ကို အသင်းမှာ မြင်ချင်လားလို့ မေးလိုက်ပါ ၊ ၉၀% လောက်က yes လို့ ဖြေကြမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ပိုချက်တီနို ကတော့ Fox Sport Argentina နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ် ။ ” ကျနော့်ကို ခေါ်ဖို့ စိတ်ဝင်စား နေကြတဲ့ အသင်းတွေ ၊ ဆွဲဆောင် နေကြတဲ့ အသင်းတွေ အများကြီး ရှိနေတာကို သိပါတယ် ။ ”

” တော့တင်ဟမ် အသင်းနဲ့ အတူ ငါးနှစ် ခွဲလောက် ဖြတ်သန်းပြီးတဲ့ အခါမှာတော့ အေးအေးဆေးဆေး နားနေချင်ပါသေးတယ် ၊ ကျနော် အခု ရည်မှန်းထားတာက ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ နဲ့ ယုံကြည်မှု ပြန်ရှိလာအောင် လုပ်ဖို့ပါပဲ ။ ”

” ကျနော်ကတော့ ဥရောပမှာပဲ နည်းပြ ပြန်လုပ်ချင်ပါတယ် ၊ အာဂျင်တီးနား မှာ နည်းပြ လုပ်ဖို့ ဆိုတာကတော့ ခက်ခဲပါတယ် ၊ အခု အချိန်မှာ ကျနော့် အနေနဲ့ ရက်အနည်းငယ်လောက် အနားယူပြီး အခြေအနေကို စောင့်ကြည့် သွားရမှာပါ ၊ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့ အချိန်တောင် သိပ်မရပါဘူး ။ ”

” ကျနော် ချမှတ်ခဲ့တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကတော့ အာဂျင်တီးနား ကို ပြန်ပြီး အခုလို မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ပါ ၊ ပြီးရင်တော့ ဥရောပကို ပြန်သွားဖို့ မျှော်မှန်း ထားပါတယ် ၊ အာဂျင်တီးနား မှာ ဆယ်ရက်လောက် အနားယူဖို့ လာခဲ့တာပါ ။ ” လို့ ပြောကြား ထားပါတယ် ။

SPORTS MYANMAR