လီဗာပူး အသင်းဟာ မနေ့ညက အီတီဟတ် ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် အတွက် မဲခွဲပွဲမှာတော့ အခြား ပရီးမီးယားလိဂ် အသင်းကြီး တွေထက် ပွဲကျပ် သွားခဲ့ပြီး မာဆေးဆိုက် ပြိုင်ဘက် အဲဗာတန် နဲ့ အန်ဖီးမှာ တွေ့ဆုံ သွားခဲ့ပါတယ်။ ယာဂန်ကလော့ က လီဗာပူး အနေနဲ့ ဒီထက် ပိုမို ခက်ခဲတဲ့ မရနိုင်ဘူးလို့ ညီးတွား ပြောဆို သွားခဲ့ပါတယ် ။

လီဗာပူး နဲ့ အဲဗာတန် တို့ဟာ လာမည့် ဇန်နဝါရီ ၄ ရက်​နေ့ မှာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် အက်ဖ်အေဖလား ပွဲကို အန်ဖီးမှာ ယှဥ်ပြိုင်ကစား သွားကြမှာ ဖြစ်ပြီး မာဆေးဆိုက် မြို့ခံပြိုင်ဘက် နှစ်သင်းဟာ လွန်ခဲ့တဲ့ ၂ ရာသီ ကလည်း အက်ဖ်အေဖလား ရဲ့ ဒီလို အဆင့်မှာ တွေ့ဆုံ ခဲ့ကြပြီး လီဗာပူး ဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး နောက်တဆင့်ကို တက်သွား ခဲ့ပါတယ်။

ဒီနှစ်သင်းဟာ မနက်ဖြန် မှာလည်း ပရီးမီးယားလိဂ် ပွဲစဥ် ၁၅ အဖြစ် အန်ဖီးမှာ ကစား သွားကြမှာ ဖြစ်ပြီး ယနေ့ညမှာ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဗာတန် နဲ့ လာမည့်လမှာ နောက်တစ်ကြိမ် တွေ့ဆုံ ရမယ့် အပေါ် ကလော့ရဲ့ ယူဆချက်ကို မေးမြန်း ခဲ့ပါတယ်။

ကလော့ က “အဲဗာတန် နဲ့ မဲကျခဲ့ တာကြောင့် ကျွန်တော်ရဲ့ ဧည့်ခန်းထဲမှာ ပြေးလွှား အောင်ပွဲ ခံနေမှာ မဟုတ်ပါဘူး။ နှစ်သင်းစလုံး အတွက် ခင်ဗျားတို့လို ဒီလို တွေ့ဆုံ ကြဖို့ ဆန္ဒရှိ ကြမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားတို့ ကတော့ ‘Oh..ထပ်တွေ့ ပြန်ပြီ။ ကောင်းတယ်ဟ’ ဆိုပြီး တွေးကြမှာပါ။ အဲဗာတန် နဲ့ ကစားရတာ ကျွန်တော့် အတွက် ပြသနာ မရှိပါဘူး။ ဒါဟာ ပွဲကြီးပွဲကောင်းပါ။ သူတို့ဟာ ကြီးကြယ်တဲ့ ပြိုင်ဘက် ၊ အရမ်းကောင်းတဲ့ ကလပ် ဖြစ်ပြီး မဟာ ပြိုင်ဘက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ သူတို့အတွက် ပထမ အဆင့်မှာတင် ဒီလိုမျိုး ပွဲကြီးပွဲကောင်း ကို ချက်ချင်း ကစား ခဲ့ရတာပါ။

ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ ဒီအဆင့်မှာ ဝုဖ်နဲ့ တွေ့ဆုံ ခဲ့ပြီး ၊ ကာရာဘောင် ဖလားမှာလည်း ချဲလ်ဆီး နဲ့ အိမ်ကွင်း ပွဲစဥ်ကို ဒီလို အစောပိုင်း အဆင့်မှာတင် တွေ့ဆုံ ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမြဲတမ်း ခက်ခဲတဲ့ ပုံစံနဲ့ သွားနေရတယ် ဆိုတာ သိသာပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ သွားရတဲ့ လမ်းကြောင်း ဖြစ်နေ ပါတယ်။ ကျွန်တော်တို့ အဲဗာတန် နဲ့ အဲဒီ ပွဲစဥ် အတွက် ပြင်ဆင်ဖို့ အချိန် ရှိပါတယ်။ ဒါပေမယ့် အခု အဲဗာတန် နဲ့ ကစားရမယ့် ဒီပွဲစဥ် အတွက် ကျွန်တော်တို့ ပြင်ဆင် ထားပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ အရာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ထား ပါတယ်။” လို့ တုန့်ပြန် ခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့က လီဗာပူး ဟာ ဗုဒ္ဓဟူးနေ့ မာဆေးဆိုက် ဒါဘီ မတိုင်မီ ဒဏ်ရာ ပြသနာ အသစ်တွေ မရှိဘူးလို့ အတည်ပြု သွားခဲ့ပါတယ်။ ဒါပေမယ့် ဒူးဒဏ်ရာ ပြသနာ ကို ဆက်လက် ကုသမှု ခံယူ နေရဆဲ ဖြစ်တဲ့ ဂျိုရယ်မာတစ် ကတော့ ဒီပွဲကို ပါဝင် ကစား နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ယာဂန်ကလော့ က “ဂျိုရယ်ဟာ အချိန် အနည်းငယ် လိုအပ် နေပါသေးတယ်။ အခု ချိန်မှာ ဆက်လက် ကုသမှုတွေ ခံယူ နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အခြေအနေ ဟာ ကျွန်တော်တို့ လိုချင်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒီဒဏ်ရာဟာ ပျောက်ကင်းရန် အချိန် အနည်းငယ် လိုပါတယ်။ ဒါ့ကြောင့် သူပြန်လာဖို့ အချိန် ယူရမှာပါ။ ကျန်တဲ့ သူ့အားလုံး ကြံ့ခိုင်မှု ပြည့်ဝ နေပါတယ်။ ကာလရှည် ဒဏ်ရာ ရတဲ့ သူတွေတော့ ပါမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်တဲ့ သူတွေ အားလုံးဟာ ကြံ့ခိုင်မှု ပြည့်နေပြီး ပါဝင် ကစား နိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM