ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာ အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် အတွက် ကိုလည်း ပြီးခဲ့တဲ့ ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ဒဏ်ရာ ရရှိခဲ့တဲ့ အဓိက တိုက်စစ်မှူး တမ်မီ အေဘရာဟမ် လွဲချော်ဖို့ ရှိနေပါတယ် ။

အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ စနေနေ့ က ကစား ခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲကို လွဲချော်ခဲ့ကာ ၊ အခုအခါ မှာလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ၎င်း အငှားထွက် ကစားခဲ့တဲ့ အသင်းဟောင်း နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲ အတွက်လည်း ပါဝင်ဖို့ မသေချာပဲ ရှိနေပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲစဉ် ကို အေဘရာဟမ် မပါဝင် ပဲ ကစားခဲ့တာကြောင့် တိုက်စစ် က အတော်လေး ရုန်းကန် ခဲ့ရကာ ၊ ရှုံးပွဲ ကြုံတွေ့ ခဲ့ရပါတယ် ။

လက်ရှိ အချိန် မှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ အခြား အရန် တိုက်စစ်မှူှး ၂ဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး နဲ့ မစ်ချီ ဘတ်ရှူဝါရီ တို့ကို အယုံအကြည် ကင်းမဲ့လာသလို ၊ ၎င်းတို့ ၂ဦးလုံး ဟာ အခု အချိန် ထိ လမ်းပတ် ရဲ့ တိုက်စစ် အသားပေး ကစားဟန် မှာ အံဝင်ခြင်း မရှိသေးတာ ကို တွေ့နေ ရပါတယ် ။ ယနေ့ ညနေ က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဗွေဆော်ဦး အနေနဲ့ အေဘရာဟမ် ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း ရှင်းလင်း ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါပြီ ။ ကျွန်တော် တို့ဟာ သူ မနက်ဖြန် ပွဲစဉ် မှာ ပြန်ကစား နိုင်ဖို့ အတွက် အဖြစ်နိုင်ဆုံး နည်းလမ်း မျိုးစုံ နဲ့ စမ်းသပ် ကြည့်ပြီးပါပြီ ။ လောလောဆယ် တော့ သူဟာ ဒဏ်ရာ ရထားတဲ့ ဧရိယာ မှာ အနာတရ အနည်းငယ် ကျန်သေးတယ် လို့ သိရပါတယ် ။ မနက်ဖြန် ကျရင်တော့ ကျွန်တော် တို့ သူ ပါသင့် ၊ မပါသင့် သေချာပေါက် ဆုံးဖြတ်ချက် ချသွားမှာပါ ။ သူ့ အတွက် က ဒီ ဒဏ်ရာ က အရမ်း နာကျင်ရပါတယ် ။ ”

” သူ ရဲ့ လှုပ်ရှားမှုတိုင်း အတွက် ဒီ ဒဏ်ရာ က သူ့ကို နာကျင် စေပါတယ် ။ ဒါကြောင့်မို့ ကျွန်တော့ အနေနဲ့ မနက်ဖြန် ပွဲ အတွက် သူ့ကို ကစားခွင့် ပြန်ပေးဖို့ အခု အချိန် မှာ ယတိပြတ် မကြေညာသေးတာပါ ။ လတ်တလော မှာ သူဟာ ပုံစံကောင်း ရနေခဲ့ပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ ကိုယ့် အတွက် အရေးကြီး တဲ့ ကစားသမား တယောက် ဒဏ်ရာ ရနေပြီ ဆိုရင် ၊ သူ့ အတွက် အချိန် အနည်းငယ် ပိုပေးပြီး ဒဏ်ရာ အရင် အရှင်းပျောက်ဖို့ ပဲ ဦးစားပေးချင်မှာပါ ။ ”

” တမ်မီ ကိုယ်တိုင် ကတော့ မနက်ဖြန် ပွဲစဉ် ကို ပါဝင်ဖို့ အတော်လေး ဆန္ဒ ပြင်းပြနေပြီး ၊ ကျွန်တော် တို့ဖက် ကတော့ သူ့ကို တတ်နိုင်သလောက် အချိန် ပေးသွားဖို့ပဲ ရှိပါတယ် ။ ဒါပေမယ့် သူ ပါဝင်ဖို့ အဆင်မပြေသေးဘူး ဆိုရင်တော့ ကျွန်တော် တို့ တခြား နည်းလမ်း နဲ့ အစားထိုးရမှာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ခံစစ်မှူး အန်တိုနီယို ရူဒီဂါ ၊ ကွင်းလယ်လူ ရော့စ် ဘာကလေ တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး ” ရော့စ် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ က နေမကောင်း ဖြစ်ခဲ့ပါတယ် ။ အခု အချိန်ထိ လည်း မသက်သာသေးပါဘူး ။ ကျွန်တော် တို့ ဆီကို သူ ဒီ မနက် ရောက်လာ ခဲ့ပေမယ့် ၊ မနက်ဖြန် ပွဲ အတွက်တော့ သူ အဆင်သင့် မဖြစ်သေးပါဘူး ။ ”

” ရူဒီဂါ ကတော့ ကျွန်တော် တို့ အတွက် ပြန်ကစား ပေးဖို့ အတော်လေး နီးစပ် နေပါပြီ ။ လေ့ကျင့်ရေး အစီအစဉ် တွေမှာ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ တိုးတက် လာပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ အပတ် ကပေါ့ဗျာ ။ ဒါကြောင့်မို့ ကျွန်တော် တို့ဖက် ကတော့ သူ့ကို လာမယ့် ၁၀ ရက် အတွင်း အသင်း အတွက် ပြန်ကစား ပေးနိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR