ဂန်းနား ဂန္တဝင်ဟောင်း ဖရက်ဒီ ယွန်းဘတ် က အာဆင်နယ် အသင်း ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ခွင့် ရတာဟာ သူ့ဘဝရဲ့ဂုဏ်အယူရဆုံး အခိုက်အတန့် သုံးခုထဲမှာ ပါဝင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ယွန်းဘတ် ဟာ ကစားသမားဘဝ တုန်းက ကွင်းလယ် ၊ တောင်ပံမှာသာမက နောက်ချန် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး ၂၀၀၁-၂၀၀၂ ခုနှစ်တုန်းက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေ ဖလားတို့ကို တစ်ပြိုင်နက် ရရှိတုန်းက အရေးပါတဲ့ သွင်းဂိုး အမြောက်အများကိုလည်း သွင်းယူ ပေးခဲ့သူပါ ။

ဒါ့အပြင် ယွန်းဘတ် ဟာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားကို ရှုံးပွဲ မရှိ စံချိန်နဲ့ ဗိုလ်စွဲတုန်းက အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ဂန်းနားတို့အတွက် စုစုပေါင်း ၃၂၆ ပွဲ အထိ ကစားပေးခဲ့ပါတယ် ။

၂၀၁၈ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ အာဆင်နယ် ယူ-၂၃ အသင်း နည်းပြ အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ဒီရာသီမှာတော့ ယွန်းဘတ်ဟာ အသင်းကြီးရဲ့ လက်ထောက် နည်းပြ ဖြစ်လာခဲ့ကာ နည်းပြ အမ်မရီ ထုတ်ပယ် ခံခဲ့ရတဲ့ အချိန်မှာတော့ ယာယီ နည်းပြ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ် ။

ယွန်းဘတ် က ဘရိုက်တန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် နဲ့ ပတ်သတ်ပြီး ” ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ အတော်လေး စိတ်လှုပ်ရှားခဲ့ပါတယ် ၊ ကျနော် အများကြီးလည်း မစဉ်းစားခဲ့ရပါဘူး ၊ တကယ့်ကို ဂုဏ်ယူရတဲ့ အခိုက်အတန့် တစ်ခုဆိုတာတော့ အသေအချာပါပဲ ။ ”

” နောက်တစ်နေ့ကျမှ သေချာ ပြန်စဉ်းစားမိပါတယ် ။ နိုင်ငံ အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခွင့်ရတဲ့နေ့ ၊ အာဆင်နယ် အတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရတဲ့နေ့ ၊ နောဝှစ်ချ် နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အဖြစ် ပထမဆုံး တာဝန်ယူရတဲ့နေ့တွေက ကျနော့် အတွက် ဂုဏ်အယူရဆုံး အခိုက်အတန့် သုံးခုပါပဲ ။ ”

” ကျနော် နောဝှစ်ချ် နဲ့ ပွဲကို နှစ်ကြိမ် ပြန်ကြည့်ပြီးပါပြီ ၊ ပြန်ကြည့်တိုင်း ပေါ်ပေါက်လာတဲ့ ခံစားချက်က ပွဲအပြီး ခံစားချက်နဲ့ အတူတူပါပဲ ၊ ကျနော်တို့ ပွဲအစမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် တိုက်စစ်ကနေ ခံစစ် ၊ ခံစစ် ကနေ တိုက်စစ် သွားတာမှာ အခက်အခဲတွေ ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်လည်း ပြိုင်ဘက်ကို အခွင့်အရေးတွေ၊ ဂိုးပေါက် ကန်သွင်းခွင့်တွေ ပြန်ပေးခဲ့ရပါတယ် ၊ ကျနော်တို့ အနေနဲ့ ဒါကို အာရုံစိုက် ပြင်ဆင် လုပ်ဆောင် သွားရမှာပါ ။ ”

” ကျနော့်ရဲ့ ခံစားချက်ကတော့ ပွဲကို အနိုင်ရချင်ပါတယ် ၊ မနိုင်တဲ့ အခါကျရင်တော့ စိတ်ပျက်မိတာပေါ့ဗျာ ၊ ပြီးခဲ့တဲ့ ပွဲက လိုအပ်ချက်တွေကို မပြင်ဆင်နိုင်ရင် ကျနော်တို့ အနိုင်ရတော့မှာကို မဟုတ်ပါဘူး ၊ ဒါက ကျနော် ကြိုးစား ပြင်ဆင် ရမယ့် အရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR