ဂရေမီဆောင်းနက်က သူ လီဗာပူး မန်နေဂျာ ဘဝ မှာတုန်းက အဲရစ်ကန်တိုနာကို ခေါ်ယူ နိုင်မယ့် အခွင့်အရေး ကို ပယ်ချ ခဲ့တယ်လို့ ဝန်ခံ ပြောဆို သွားခဲ့ပါတယ် ။ ကန်တိုနာဟာ လွန်ခဲ့တဲ့ ၉၀ ခုနှစ် တွေက မန်ချက်စတာယူနိုက်တက် အသင်းမှာ ကြီးကြယ်တဲ့ အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပြီး မန်ချက်စတာ ကလပ်ရဲ့ သမိုင်းမှာ အကြီးကြယ်ဆုံး ဂန္တဝင် ကစားသမားတွေ ထဲက တစ်ဦး အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ကန်တိုနာဟာ ၁၉၉၁ – ၉၂ ဘောလုံး ရာသီမှာ လိဒ်ယူနိုက်တက် အသင်းကို Football League First Division ဆုဖလား ရယူ ပေးခဲ့ ပြီးနောက် Yorkshire club ကနေ ထွက်ခွာ လာခဲ့ပါတယ်။ အဆိုပါ နွေရာသီမှာ ကန်တိုနာဟာ မန်ယူနိုက်တက် ကို ပြောင်းလာခဲ့ပြီး စစရောက်ခြင်း ရာသီမှာပဲ မန်ယူနိုက်တက် ကို ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး ပေးခဲ့ပါတယ် ။ ထို့နောက် ကန်တိုနာဟာ ကစားသမား ဘဝ ကနေ အနားမယူမီ မန်ယူနိုက်တက် မှာ နောက်ထပ် ပရီးမီးယားလိဂ် ဖလား ၃ လုံး အပြင် ၊ အက်ဖ်အေဖလား ၂ လုံးကိုပါ ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဆောင်းနက်သာ ပြင်သစ် တိုက်စစ်မှုး ကို အန်ဖီးထံ ခေါ်ယူ နိုင်မယ့် အခွင့်အရေး ကို အသုံးချ ခဲ့မယ်ဆိုရင် ကန်တိုနာရဲ့ သမိုင်းကြောင်း ဟာ အပြောင်းအလဲ ဖြစ်သွား နိုင်မှာ ဖြစ်ပါတယ်။

ဆောင်းနက်က “ကျွန်တော်တို့ အသင်းဟာ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ် နိုဝင်ဘာလ က အော်ဇေးနဲ့ အိမ်ကွင်းမှာ ကစားခဲ့ပြီး အဆိုပါ ပွဲပြီးနောက် မီချယ်ပလာတီနီဟာ ကျွန်တော့်ကို လာရောက် တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီမှာ သူက သူ့မှာ ကစားသမားကောင်း တစ်ဦး ရှိတယ် ဆိုတာ ပြောခဲ့ပြီး ဒီကောင်လေးဟာ ပြသနာ ကောင်လေး ဖြစ်ပေမယ့် တကယ် ကောင်းတယ်လို့ ဆိုပါတယ်။ အဲဒါ ကန်တိုနာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် အလိုရှိတဲ့ နောက်ဆုံး အရာကတော့ နောက်ထပ် ပြသနာ ကစားသမား တစ်ဦး အသင်းကို ရောက်မလာဖို့လို့ ကျွန်တော် ပြန်ပြော ခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော်ဟာ ၃၀ ကျော်ပဲ ရှိသေးပြီး ဒီအသင်းမှာ အကောင်းဆုံး လုပ်ပြဖို့ ကြိုးစား နေတာပါ။ ဒါ့ကြောင့် ကျွန်တော့် အတွက် နောက်ထပ် စိတ်အနှောက်အယှက် ဖြစ်စရာတွေ ထပ်ပြီး မလို ချင်ခဲ့ပါဘူး။ ကျွန်တော် အခြား ကစားသမား တစ်ဦး ရှာနေတယ်လို့ပဲ သူ့ကို ပြန်ပြော ခဲ့ပါတယ်။ ကန်တိုနာကို မခေါ်ချင်ပါဘူး။ ကျေးဇူးပါပဲလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။” လို့ ထုတ်ဖော် သွားခဲ့ပါတယ်။

ဒါဟာ လီဗာပူး အတွက် ကြီးမားတဲ့ အခွင့်အရေး ကောင်းကို လက်လွှတ် ခဲ့ရတယ်လို့ ဆိုနိုင်ပြီး ကန်တိုနာဟာ ၁၉၉၆ ခုနှစ် အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်ယူနိုက်တက် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းကာ လီဗာပူး ကို အသဲခွဲ ခဲ့ပါတယ်။ နောက်တစ်ရာသီ အပြီးမှာတော့ ကန်တိုနာဟာ သူ့ရဲ့ ကစားသမား ဘဝကို အသက် ၃၀ အရွယ် မှာတင် စောစောစီးစီး အဆုံးသတ် သွားခဲ့ပါတယ်။

ဆောင်းနက်က သူလက်ရှောင် ခဲ့တာဟာ ကန်တိုနာ တစ်ဦးတည်း မဟုတိဘဲ နောက်ထပ် မန်ချက်စတာယူနိုက်တက် ကစားသမား လည်း ရှိသေးတယ်လို့ ဝန်ခံ ခဲ့ပါသေးတယ်။ အဆိုပါ ကစားသမား ကတော့ ပီတာရှမိုက်ကယ်ပဲ ဖြစ်ပြီး ဒိန်းမတ် လက်ရွေးစင်ဟာ ဂိုးသမားဟာ လီဗာပူး ကို လာပြီး စမ်းသပ်မှု ခံယူခွင့် ပြုရန် တောင်းဆို ခဲ့ပေမယ့် သူ့ဘက်က လျစ်လျူရှူ ခဲ့တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

ဆောင်းနက်က “လွန်ခဲ့တဲ့ ၁၉၉၀ အစောပိုင်း နှစ်တွေက ကျွန်တော် လီဗာပူး ကို ကိုင်တွယ် နေစဥ်တုန်းက ရှမိုက်ကယ်ဟာ ကျွန်တော့်ထံ စာရေး ခဲ့ပါတယ်။ ရွန်ယက်ဟာ ကျွန်တော့် ရုံးခန်းကို ရောက်လာခဲ့ပြီး ကိုယ်ပိုင် ခရီးစရိတ် နဲ့ ဟိုတယ်ခ စိုက်ကာ အပြန်အလှန် အားဖြင့် ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းချင်နေတဲ့ လီဗာပူး ပရိတ်သတ် ဒိန်းမတ် လူငယ် ဂိုးသမားလေး ရှိတယ် ဆိုတာ ကျွန်တော့်ကို လာပြော ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အဲဒီအချိန်မှာ Brucey Grobbelaar (လီဗာပူး ဂိုးသမားဟောင်း) ကို အသင်းကနေ မထွက်ခွာဖို့ ကြိုးစား နေခဲ့တာပါ။ ဒါပေမယ့် အငြင်းအခုန်ပဲ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ဒေးဗစ်ဂျိမ်းကို ခေါ်ယူ ထားခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဂျိမ်းနဲ့ ခရီးဆက် နိုင်တယ်လို့ တွေးခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရှမိုက်ကယ်ကလည်း ကန်တိုနာ နဲ့အတူ ယူနိုက်တက် အတွက် စွမ်းစွမ်းတမံ အကောင်းဆုံး ထမ်းဆောင် ခဲ့ပြီး ယူနိုက်တက် နဲ့အတူ ပရီးမီးယားလိဂ် ဖလား ငါးကြိမ် ၊ အက်ဖ်အေဖလား ၃ ကြိမ် အပြင် ၁၉၉၉ မှာတုန်းက တစ်ရာသီ အတွင်း ဖလား သုံးလုံး ဆိုတဲ့ မှတ်တမ်း ကိုပါ ပိုင်ဆိုင် နိူင်ခဲ့ပါတယ်။

SM