စပါး အသင်း ဟာသူတို့ အသင်း ကို ၅နှစ်ကျော်ကြာ ကိုင်တွယ် ခဲ့တဲ့ နည်းပြ ကြီး ပိုချက်တီနို ကို ထုတ်ပယ်အပြီး မှာကမ္ဘာကျော်နည်းပြတဦးဖြစ်တဲ့ မော်ရင်ဟိုကို ချက်ချင်းဆိုသလို တာဝန် ပေးထားခဲ့ တာဖြစ်ပါတယ်။ဒီပေါ်တူဂီသားကြီး လက်ထက်မှာတော့ ၃ပွဲကစား ၃ပွဲလုံး အနိုင်ရခဲ့တဲ့ အထိစပါး အသင်း အခြေအနေကောင်းနေတာဖြစ်ပါတယ်။

စပါး အသင်းဟာ နွေရာသီ စျေးကွက် အတွင်း ငွေကြေး အတော်သုံးစွဲထား ခဲ့ပေမယ့် နည်းပြသစ် မော်ရင်ဟိုအတွက် ဇန်နဝါရီမှာ ငွေကြေးပမာဏတခု ခွင့်ပြုဖွယ်ရှိတယ်လို့ အများကယူဆနေပါတယ်။ဒါပေမယ့် မော်ရင်ဟိုကတော့စပို့တင်း လစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ကြိုးစားမှာမဟုတ်ဘူး လို့ ဆိုပါတယ်။

အကြောင်းကတော့ အသက် ၂၅ နှစ်အရွယ် ဒီပေါ်တူဂီသားရဲ့ ကြီးမြင့်တဲ့ စျေးနှုန်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
စပါး အသင်းနဲ့ ယူနိုက်တက် တို့ဟာ ဖာနန်ဒက်စ်ကို ကာလ ရှည်မျက်စိကျနေခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး နွေရာသီစျေးကွက်အတွင်းမှာအပြိုင်ကြိုးပမ်းခဲ့ကြဖူးတာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ စပို့တင်း အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်း ရှိနေတာဖြစ်လို့ သူ့ကိုခေါ်ယူလိုတဲ့ အသင်း ဟာစာချုပ်ဖြတ်သိမ်းကြေးအဖြစ် ပေါင် ၈၅ သန်း အထိပေးချေရဖွယ်ရှိနေပါတယ်။ဒါဟာစပါး အသင်းလိုက်မီ ဖို့ အတော်လေး စျေးကြီးလွန်းတယ်လို့ မော်ရင်ဟိုက ဝန်ခံသွားခဲ့ပါတယ်။

Sport TV နဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက – ” ကျွန်တော်တို့ဟာ ဒီအဆင့်မှာ ရှိနေတဲ့ အသင်းတွေထဲက မတူညီတဲ့ အသင်းတသင်းဖြစ်ပါတယ်။စျေးကွက်အတွက် မှာ ကြီးမားတဲ့ အပြောင်း အရွှေ့မျိုးတွေ ပြုလုပ်သွားမယ့်အသင်းတသင်းမဟုတ်ပါဘူး။

နာမည် ရရှိထားပြီးသား သို့မဟုတ် အဆင့်အတန်း တခုအထိ ကောင်းမွန်ပြီး အများခေါ်ယူချင်နေတဲ့ ကစားသမားမျိုးကိုလည်း ဦးတည်းပြီး ခေါ်ဖို့ကြိုးစားမယ့်အသင်းမဟုတ်ပါဘူး။ငွေကြေးဘတ်ဂျက်ကြောင့်လည်း နာမည်ကြီးတွေခေါ်မှာမဟုတ်ပါဘူး။

ဘရူနိုဖာနန်ဒက်စ်ကို ခေါ်မှာလား လို့မေးရင်တော့ လုံးဝ ခေါ်မှာမဟုတ်ဘူး လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့သူဟာကျွန်တော်တို့ အတွက် မဟုတ်တဲ့ စျေးကွက် တန်ကြေး မျိုးရှိတဲ့ ကစားသမား တဦး ဖြစ်လို့ပါပဲ” လို့ပြောခဲ့တာဖြစ်ပါတယ်။

90 minutes ရဲ့ဖော်ပြချက်အရ မော်ရင်ဟိုဟာ ဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ကို အမြဲတမ်းသတင်းပေးဖို့ စူပါအေးဂျင့် ဂျော့မန်ဒက်ကို တောင်းဆိုးထားခဲ့တယ်လို့သိရပါတယ်။စပို့တင်းအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတဲ့သတင်းကသူ့ကို ရှော့ခ် ရစေခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။

ဒါပေမယ့် စာချုပ်သစ် မချုပ်ဆိုမီမှာ ဖာနန်ဒက်စ်ပြောဆိုခဲ့တဲ့ စကားအသွားအလာတွေအရတော့ အနာဂတ်မှာ အပြောင်းအရွှေ့ဖြစ်ဖို့ သေချာမှု တခုရှိနေပုံပါပဲ။စာချုပ်သစ်မ ချုပ်မီ ၂ပတ်လောက်အလိုမှာ ဖာနန်ဒက်စ်က –

” အပြောင်းအရွှေ့ နဲ့ ပတ်သက်တဲ့ ကောလာ ဟလတွေ အပေါ် ကျွန်တော်လုံးဝ စိုးရိမ်တာမျိုးမရှိပါဘူး။ ၂၀၁၆ ခုနှစ်လောက်ကတည်းက စပြီး ကျွန်တော် ဘယ် အသင်းကို ထွက်ခွာဖွယ်ရှိနေတယ် ဆိုတဲ့ သတင်းမျိုးတွေကထွက်နေခဲ့တာဖြစ်ပါတယ်။

ကျွန်တော်အဆင်ပြေပြေရှိနေပြီ အလုပ်ကို အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။ဖြည့်စွက်ရမယ့်အိပ်မက်တွေရှိနေဆဲဖြစ်ပေမယ့်ဒီအသင်းကနေ အတင်းအကြပ် ထွက်ခွာဖို့ မလိုပါဘူး။တကယ်လို့ ထွက်ခွာရတော့မယ်ဆိုရင်လည်း အမှတ်တရကောင်းတွေချန်ထားနိုင်မယ်လို့မျှော်လင့်ပါတယ် ” လို့ပြောခဲ့ဖူးတာဖြစ်ပါတယ်။

SPORTS MYANMAR