ဂန်းနား တိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ် က နောဝှစ်ချ် အသင်းနဲ့ ပွဲက ယာယီ နည်းပြ ယွန်းဘတ် ရဲ့ လူထုတ်ပုံကို မေးခွန်းထုတ် ဝေဖန်လိုက်ပြီး အာဆင်နယ် အသင်းသား ခြောက်ဦးရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြစ်တင် ဝေဖန် သွားခဲ့ပါတယ် ။

ဂန်းနားတို့ရဲ့ ယာယီ နည်းပြ ယွန်းဘတ် ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာတော့ အာဆင်နယ် အသင်းဟာ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ နောဝှစ်ချ် စီးတီး အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပါတယ် ။

နီကိုလပ်စ် ကတော့ နောဝှစ်ချ် နဲ့ ပွဲမှာ ယွန်းဘတ် ဟာ လူထုတ်ပုံ မှားယွင်းကြောင်း ဝေဖန်လိုက်ပြီး ဒီတစ်ပတ် ကစားမယ့် ဘရိုက်တန် နဲ့ ပွဲကိုတော့ မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်ကြောင်း သတိပေး စကား ဆိုသွား ခဲ့ပါတယ် ။

နီကိုလပ်စ် က SkySports မှာ ” ဖရက်ဒီ ဘာကြောင့် မူစတာဖီ ကို သုံးသလဲ ဆိုတာ ကျနော်လည်း မသိတော့ပါဘူးဗျာ ၊ ချိန်ဘာ အကြောင်းကော သူသေချာ သိရဲ့လား ၊ ဆိုကရက်တစ် ရဲ့ ခြေစွမ်းက ဆိုးရွားသလို မူစတာဖီ ကလည်း သူ့ထက်တောင် ပိုဆိုးနေပါတယ် ။ ”

” ဒေးဗစ်လူးဝဇ် ကို ဘာလို့ အသင်းမှာ သုံးနေသလဲ ဆိုတာ စဉ်းစားလို့တောင် မရပါဘူး ၊ သူက ပြေးဖို့ ဘောလုံးဖျက်ဖို့ထက် သူ့ခြေထောက်ထဲက ဘောလုံးကို ဘယ်ပေးရမလဲ ဆိုတာလောက်ပဲ သိတဲ့သူပါ ၊ ရှာကာ ဆို ပြေးတောင် မပြေးနိုင်ပါဘူး ။ ”

” အသင်းက တကယ့်ကို အရှုပ်ထုပ်ကြီး ဖြစ်နေတာပါ ၊ ဖရက်ဒီ အာဆင်နယ် အသင်း အမြဲတမ်း နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကျနော် အစကတည်းက တွေးမိပြီးသားပါ ၊ သူ ဘယ်လောက်ကြာကြာ ကိုင်တွယ်ခွင့် ရမလဲဆိုတာတော့ မပြောတတ်ပါဘူး ။ ”

” ဖရက်ဒီ ရဲ့ လူရွေးချယ်ပုံက အမ်မရီ နဲ့ ဘာမှ မကွာခြားပါဘူး ၊ ဝီးလော့ ကို ပွဲထွက် အသုံးပြုတာ နားလည် နိုင်ပေမယ့် ရှာကာ ကို ဘာကြောင့် ပြန်လည် အသုံးပြုတာလဲ ဆိုတာတော့ နားမလည် နိုင်အောင်ပါပဲ ၊ အိုဇေးလ် ကတော့ နေရာလွှတ်တွေ ရှာပေးနိုင်ဆဲ ဖြစ်ပြီး အူဘာမီယန်း နဲ့ လာကာဇက် ကလည်း အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်နဲ့ ကစားနေဆဲပါ ။ ”

 

” ဘရိုက်တန်က နောက်တန်းကနေ ဘောလုံး တည်ပြီး ယုံကြည်မှု အပြည့်နဲ့ ကစားလေ့ ရှိတဲ့ အသင်းပါ ၊ အာဆင်နယ် အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်း ၊ ခြောက်သင်းကို အမှီလိုက်ချင်တယ်ဆိုရင်တော့ အနိုင်ရအောင် ကစားရမှာပါ ၊ နည်းပြလည်း ထွက်သွားပါပြီ ၊ သူတို့ အနိုင်ရလဒ် ပြန်ရအောင် ယူရမှာပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR