ယနေ့ည မှာ ချယ်လ်ဆီး အသင်း နဲ့ အက်စတွန် ဗီလာ အသင်း တို့ ချယ်လ်ဆီး အသင်း ရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ ထိပ်တိုက် ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပါတယ် ။ အက်စတွန် ဗီလာ အသင်း မှာ လက်ထောက် မန်နေဂျာ အဖြစ် လုပ်ကိုင် နေတဲ့ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ကတော့ စတမ်းဖို့ဒ် ဘရစ််ချ် ကို ပြိုင်ဖက် အနေနဲ့ ပထမဆုံး ပြန်လည် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ် ။

 

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံရှစ် မှာတုန်းက တယ်ရီ ဟာ ဖရန့် လမ်းပတ် ကိုင်တွယ် ခဲ့တဲ့ ဒါဘီ အသင်း နဲ့ ၂ကြိမ် တိုင်တိုင် ရင်ဆိုင် ခဲ့ရသလို ၊ အခု အခါမှာတော့ လမ်းပတ် ကို တတိယ အကြိမ် ပြိုင်ဖက် အနေနဲ့ ထပ်မံ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် စတမ်းဖို့ဒ် ဘရစ်ချ် ကို ၂၀၁၇ နောက်ပိုင်း ပထမဆုံး ပြန်လာတော့မှာ ဖြစ်လို့ တယ်ရီ အတွက် ဒီ တကြိမ် ခရီး ဟာ စိတ်ခံစားမှု များစွာ နဲ့ ပြည့်နေမှာ သေချာပါတယ် ။

မနေ့က Dubai Eye နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ တယ်ရီ က အသင်းဖော်ဟောင်း လမ်းပတ် နဲ့ အသင်းဟောင်း ချယ်လ်ဆီး တို့ကို မရင်ဆိုင်မီ ၊ ဒီနှစ် ဘောလုံး ရာသီ မှာ အခက်အခဲ များစွာ ရင်ဆိုင် နေရတဲ့ ချယ်လ်ဆီး အသင်း ကို လမ်းကြောင်းမှန် အပေါ် ပို့ထား ပေးနိုင်ခဲ့တဲ့ လမ်းပတ် ရဲ့ စွမ်းဆောင်ရည် တွေကို အခုလိုပဲ ချီးကျူး ဂုဏ်ပြုစကား ဆိုခဲ့ပါတယ် ။

တယ်ရီ က ” ဖရန့် ဟာ ချယ်လ်ဆီး အသင်း ကို စတင် ကိုင်တွယ် ကတည်းက မယုံကြည် နိုင်စရာ စွမ်းဆောင်ရည် များစွာ ကို လုပ်ပြ နိုင်ခဲ့ပါတယ် ။ အစောပိုင်း မှာတော့ သူ့ရဲ့ ကိုင်တွယ်ပုံ ၊ ဖြစ်လာနိုင်မယ့် အနေအထား တွေနဲ့ ပတ်သက်ပြီး အခုလောက် အခြေအနေ အထိ တိုးတက်လာမယ့် လို့ လူတွေက မမျှော်လင့် ထားကြပေမယ့် ဒီလို အခက်အခဲ ပြဿနာ တွေကပဲ သူ့ကို အခုလို အနေအထား အထိ တွန်းပို့ နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ ”

” အခုဆိုရင် အသင်း တသင်းလုံး က ခြေစွမ်းပိုင်း တဖြည်းဖြည်း မြင့်တက်လို့ လာပါတယ် ။ ချယ်လ်ဆီး လူငယ် တွေဟာ ဖရန့် နဲ့ ဂျိုဒီ မောရစ် တို့ရဲ့ လက်အောက် မှာ အခုလို အခွင့်အရေးကောင်း များစွာ ရလာမယ် ဆိုတာကို ယုံကြည်ထားကြပြီး ၊ သူတို့ တွေဟာ ဒီ အခွင့်အရေး တွေကို အကောင်းဆုံး ပေးဆပ် ကြိုးစား နေကြပါတယ် ။ ဒါဟာ အရမ်း ကောင်းတဲ့ မြင်ကွင်း ဖြစ်ပြီး ပရိသတ် တွေ အားလုံး အတွက်လည်း ကြည်နူးစရာ ဖြစ်ပါတယ် ။ ”

” နှစ်ပေါင်း များစွာ ကြာလာတဲ့ အထိ ၊ ကျွန်တော် တယောက်တည်း သာ အကယ်ဒမီ ကနေ စီနီယာ အသင်း ကို ထိုးဖောက် ဝင်ရောက်ခဲ့ဖူးတဲ့ နောက်ဆုံး ကစားသမား အဖြစ် ရပ်တည် ခဲ့တာပါ ။ ဖရန့် ဟာ အရင် ကတည်းက အသင်း ရဲ့ ယူ ၂၃ ၊ ယူ ၁၈ ပွဲစဉ် တွေကို အမြဲတမ်း အရေးတယူ စောင့်ကြည့် နေခဲ့တာပါ ။ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် တွေကိုလည်း ဒီလို လူငယ် အသင်း ပွဲစဉ် တွေနဲ့ အမြဲတမ်း ထိတွေ့မှု ရှိစေဖို့ လည်း မှားကြားထားမယ့် ပုံပါ ။ ”

” နောက်ပြီး လူငယ် ပွဲစဉ် တပွဲ ပြီးတိုင်း မှာ ဘယ် ကစားသမား တွေက စီနီယာ အသင်း နဲ့ အတူ လေ့ကျင့်လို့ ရပြီလဲ ၊ ဘယ် ကစားသမား တွေက ဆက်လက် ကြိုးစားဖို့ လိုဦးမလဲ ဆိုတာ သေသေချာချာ စိစစ် အကဲခတ် ကြမှာပါ ။ အခု အချိန် ချယ်လ်ဆီး အသင်း အကယ်ဒမီ ရဲ့ လုပ်ဆောင်မှု နဲ့ အရည်အသွေး တွေက အံ့မခန်း ပါပဲ ။ ”

 

” ကျွန်တော် ချယ်လ်ဆီး အသင်း ကို သိတဲ့ အချိန် ကစပြီး အခု အချိန်လောက် လူ အများအပြား ရဲ့ ချစ်ခင်နှစ်သက်ခြင်း ကို ရခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး ။ အခု လက်ရှိ အသင်း ဟာ အကယ်ဒမီ ထွက် ကစားသမား များစွာ နဲ့ လူချစ်လူခင် ပေါတဲ့ အသင်း ဖြစ်နေပါပြီ ။ အခုလို လူငယ်လေး တွေ စီနီယာ အသင်း မှာ နေရာ ရလာကို မြင်ရတာ ကျွန်တော့ အနေနဲ့ ဝမ်းသာ မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR