ယာဂန်ကလော့ ဂျေဒွန်ဆန်ချို့ ကို စိတ်ဝင်စား နေမှုကို ဖုံးကွယ် သွားရန် ငြင်းဆန် ခဲ့ပြီး ဂျာမန်နည်းပြက လီဗာပူး အသင်းဟာ သင့်တော်တဲ့ အခြေအနေ ကိုသာ ရမယ်ဆိုရင် ဇန်နဝါရီ အပြောင်းအရွေ့မှာ လှုပ်ရှားသွားဖို့ အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟာ ဘိုရပ်ရှားဒေါ့မွန် အသင်းမှာ မတည်မငြိမ် ဖြစ်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ အပြင် လီဗာပူး ကလည်း အင်္ဂလန် ကြယ်ပွင့်ကို အမှန်အကန် ချိတ်ဆက်နေတယ် ဆိုပြီးလည်း သတင်းကြီး နေပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်မှာ မပျော်မရွှင် ဖြစ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက လက်ရွေးစင် အသင်းက ကလပ်ကို ပြန်လာတာ နောက်ကျလို့ ဆိုပြီး နည်းပြ လူစီယန် ဖာဘရီ ရဲ့ ငွေဒဏ် ပေါင် ၈၆၀၀၀ တပ်ခြင်း ခံခဲ့ ရပါတယ်။ ဒါ့အပြင် ဖာဘရီဟာ ဆန်ချိုကို အပြစ်ပေးတဲ့ အနေနဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မွန်ချင်ဂလာဘတ်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားခြင်း ခံခဲ့ရ ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဆန်ချိုဟာ ဒေါ့မွန် တို့ ဘိုင်ယန်မြူးနစ် အသင်းကို ၄ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာလည်း ပွဲချိန် ၃၆ မိနစ်မှာတင် လူစားလဲခြင်း ခံခဲ့ရပြီး ဂျာမန်မြေမှာ ၎င်းရဲ့ အနာဂတ် ဟာ မေးခွန်း ထုတ်စရာတွေ ဆက်လက် ဖြစ်ပေါ် နေခဲ့ပါတယ်။ လီဗာပူး ဟာ အသက် ၁၉ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စား နေတဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ အပြင် ၎င်းကို ခေါ်ယူ နိုင်ဖို့ ရေပန်း အစားဆုံး အသင်းလည်း ဖြစ်နေပါတယ်။

ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက် ဖွင့်ရန် ၁ လတောင် မလိုတော့တဲ့ အချိန်မှာ ဆန်ချိုနဲ့ ပက်သက် နေတဲ့ သတင်းတွေ အပေါ် ကလော့က “သူဟာ အရမ်း ကောင်းတဲ့ ကစားသမားပါ။ ဒီ အပြောင်းအရွေ့ သတင်းတွေ ဘယ်ကနေ ထွက်ပေါ်လာခဲ့ သလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ ဆီကနေ ထွက်ပေါ်လာခဲ့ တာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီအကြောင်းကို ဘယ်တုန်းကမှ မပြော ခဲ့လို့ပါ။

ကုန်ကျစရိတ်လား? ဒါဟာ ပြသနာ တစ်ခုပါ။ သူ့ကို ခေါ်ယူဖို့ ကြိုးစားမယ် ဆိုရင် ဒါဟာ ၁၀၀ % ပြသနာ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။ ခုနက ပြောတဲ့ စကားဟာ ဘယ်လို တာသွားသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပြောစကား ကို ပြန်ပြင်လို့ မရနိုင် ပါဘူး။ ဒါနဲ့ ပက်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲ ဆိုတော့ ဒါနဲ့ ပက်သက်ပြီး လုံးဝကို ပြောစရာ မရှိလို့ပါပဲ။” လို့ ဆိုသွားပါတယ်။

ဒေါ့မွန် မှာ မတည်မငြိမ် ဖြစ်နေတယ် ဆိုပေမယ့်လည်း ဆန်ချိုဟာ လက်ရှိမှာ ပုံစံကောင်း ကို ပြသနေပြီး ဒီရာသီ ၁၁ ပွဲကစား အပြီးမှာ ၅ ဂိုးသွင်းကာ ၇ ဂိုး ဖန်တီးပေး ထားခဲ့ပါတယ်။လီဗာပူး ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက် အတွက် ပိုမို အားကောင်း စေရန် ဇန်နဝါရီ အပြောင်းအရွေ့မှာ ကစားသမား ခေါ်ယူမှု အချို့ ပြုလုပ် နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပက်သက်ပြီး ကလော့က “ကျွန်တော်တို့ အတွက် အမြဲတမ်း တူတူပါပဲ။ ကျွန်တော်တို့ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ ပြောသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားသစ်ဟာ ကျွန်တော်တို့ အတွက် အကူအညီ ဖြစ်စေ နိုင်တယ် ဆိုရင် ကျွန်တော်တို့ အမြဲတမ်း တစ်စုံတစ်ရာ လုပ်သွားဖို့ ဆန္ဒရှိ ပါတယ်။ အကယ်၍ ဒီလို မဟုတ်ဘူး ဆိုရင်တော့ စျေးကွက်ထဲ ဝင်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ နွေရာသီ စျေးကွက်မှာ ကစားသမား ခေါ်ယူဖို့ဟာ ပိုမို ခက်ခဲတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဥရောပမှာ အပြောင်းအရွေ့ စျေးကွက် ပိတ်ချိန်တွေဟာ ခြားနား နေလို့ ဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန် ကလပ်တွေ ကိုသာ ထိခိုက်စေ ခဲ့ပြီး ကျွန်တော်တို့ဟာ အချိန်အတိုင်းအတာ တစ်ခုထိပဲ လူခေါ်ယူလို့ ရပါတယ်။ အခြား ကလပ်တွေဟာ ဘောလုံး ရာသီ စတင် နေတာတောင် လူဝယ်လို့ ရနေပါတယ်။” လို့ ပြောသွားပါတယ်။

SM