အာဆင်နယ် အသင်း ယာယီ နည်းပြ ဖရက်ဒီ ယွန်းဘတ် က ဒီရာသီမှာ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ နောက်တန်းကို ပြင်ဆင်နိုင်ဖို့ အတွက် ကြိုးစား အဖြေ ရှာသွားမှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၄ ) အပြီးမှာ ရဂိုးထက် ပေးဂိုး ပိုများနေပြီး ပေးဂိုး ၂၁ ဂိုးအထိ ခွင့်ပြု ထားရကာ ဘုန်းမောက် နဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲတွေမှာသာ Clean-Sheet ရယူထားနိုင်ပါသေးတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးပေးထားရပြီး ခံစစ်ပိုင်း ဆိုးရွားနေတာလည်း ဖြစ်ပါတယ် ။ ယွန်းဘတ် ကတော့ သူ့ရဲ့ ခံစစ် ကစားသမားတွေဟာ နည်းစနစ်ပိုင်းမှာ အားနည်းမှု မရှိကြောင်း နဲ့ မြန်ဆန်တဲ့ ကစားသမားတွေကို ထိန်းချုပ် ရာမှာသာ အခက်အခဲ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ယွန်းဘတ် က ဘရိုက်တန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ ခံစစ် ကစားသမားတွေ အပေါ် ဝေဖန်မှုတွေဟာ မျှတမှု ရှိရဲ့လားဆိုတဲ့ မေးခွန်းကို ” မရှိပါဘူး ၊ ကျနော့် ကစားသမားတွေက ခံစစ်ကို အကောင်းဆုံး ကစားဖို့ ကြိုးစားနေကြတယ်လို့ ထင်ပါတယ် ။ ”

” အသင်းမှာ မတူညီတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ် ၊ ပြောနေကြတာတွေက အချက်အလက် မှတ်တမ်းတွေပါပဲ ၊ ကျွန်တော်တို့မှာ ပွဲတစ်ပွဲကို ဘယ်လို ကစားမလဲ ဆိုတာ အစီအစဉ် ရှိပြီးသားပါ ၊ ခံစစ်ကို သေချာ ကစားဖို့လည်း အလေးထားပါတယ် ။ ”

” ကျနော်တို့ အဖြေရှာသွားရမှာပါ ၊ ကစားသမား တစ်ယောက်က မြန်မြန် မကစားနိုင်တဲ့ အခါမှာ ကျနော်တို့က သူ့ကို မြန်မြန် ကစားဖို့ ပြောလိုက်ရင် သူ့အတွက် အတော်လေး ခက်ခဲ သွားမှာပါ ၊ ယေဘုယျ ပြောရရင်တော့ အားလုံး လုပ်ဆောင်နိုင်မယ့် ပုံစံ တစ်ခုကို တည်ဆောက် သွားရမှာပါ ။ ”

” နောဝှစ်ချ် နဲ့ ပွဲမှာ ကျနော် မြင်တွေ့ရတာက တစ်ဖက် အသင်းရဲ့ လျင်မြန်မှုပဲ ၊ ဒါက နည်းစနစ်ပိုင်း နဲ့ မသက်ဆိုင်ပါဘူး ၊ သူတို့ရဲ့ လျင်မြန်မှု ကိုတားဆီးဖို့ နည်းလမ်း ရှာရုံပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR