ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ အတွင်း မှာ ဒီနှစ် ဘောလုံး ရာသီ ရဲ့ transfer ban အတွက် ကမ္ဘာ့ အားကစား နှင့် ဆိုင်ရာ ငြင်းခုံရေး ခုံရုံး ( CAS ) သို့ အယူခံ တင်ထားရာ ၊ ယခု လ အတွင်း မှာ ယင်း အယူခံ တင်ထားတဲ့ ရလဒ် အဖြေ ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ် ။ ဒီ အဖြေ ဟာ ချယ်လ်ဆီး အသင်း ရဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကို များစွာ သက်ရောက်မှု ရှိမှာလည်း ဖြစ်ပါတယ် ။

ဖီဖာ မှ ချယ်လ်ဆီး အသင်း အပေါ် ချမှတ် ထားတဲ့ transfer ban ကို CAS မှ ပယ်ဖျက် ပေးမယ် ဆိုရင် ချယ်လ်ဆီး အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ လိုအပ် နေတဲ့ နေရာ တွေ အတွက် ထိပ်တန်း ကစားသမား တချို့ ကို ခေါ်ယူပြီး အစားထိုး ဖြည့်ဆည်း ပေးနိုင်တော့ မှာ ဖြစ်ပါတယ် ။

လက်ရှိ မှာ ချယ်လ်ဆီး အသင်း ဟာ အထောင် တိုက်စစ် နေရာ မှာ တမ်မီ အေဘရာဟမ် ရဲ့ အရန် အဖြစ် အသင်း နဲ့ အံဝင်အောင် ကစားပေးမယ့် တိုက်စစ်မှူး တဦး ၊ ထိပ်တန်း ဘယ်နောက်ခံလူ တဦး အနည်းဆုံး လိုအပ် နေပါတယ် ။ ယင်း အတွက်ကြောင့် လမ်းပတ် ဟာ CAS ဆီမှ အဖြေ ကို လာမယ့် ရက်ပိုင်း အတွင်း ကြားရဖို့ မျှော်လင့်လျက် ရှိနေပါတယ် ။

လမ်းပတ် က ” ထင်ထားတာထက် စောပြီး အဖြေ ကို သိရဖို့ ကျွန်တော် ယုံကြည် နေပါတယ် ။ ရက်ပိုင်း အတွင်း မှာ အဖြေ ထွက်လာမယ် လို့ ထင်ပါတယ် ။ နောက်ထပ် ဒီ အယူခံ နဲ့ ပတ်သက်ပြီး CAS ဆီကတော့ ထူးထူးခြားခြား တုန့်ပြန်မှု တွေကိုတော့ မမြင်ရသေးပါဘူး ။ ဒါကြောင့်မို့ ကျွန်တော် ကတော့ အဖြေ အတွက် ဆက်လက် စောင့်ဆိုင်း ရမှာ ဖြစ်ပါတယ် ။ အဲ့ဒီ အဖြေ အပေါ် မူတည်ပြီး ကျွန်တော် တို့ ဘာ ဆက်လုပ်သင့်လဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ဝက်စ်ဟမ်း နဲ့ ပွဲက အရှုံး ရလဒ် နဲ့ ဂိုးမသွင်း နိုင်ခဲ့ခြင်း ဟာ အသင်း ရဲ့ တိုက်စစ် က တမ်မီ အေဘရာဟမ် မပါဝင် နိုင်ခဲ့တာကြောင့်လား ဆိုတာနဲ့ international break အတွင်း က ရော့စ် ဘာကလေ ရဲ့ ဒူဘိုင်း မှာ အလွန်အကြူး ပျော်ပါး ခဲ့ခြင်း အတွက် အသင်း မှာ ပြန်ပြီး နေရာ ရဖို့ အခွင့်အရေး ရှိသေးသလား ဆိုတဲ့ မေးခွန်း တွေကို အခုလိုပဲ ဖြေကြား ခဲ့ပါတယ် ။

လမ်းပတ် က ” ခင်ဗျား တို့ အနေနဲ့ တမ်မီ မပါဝင် နိုင်လို့ ကျွန်တော် တို့ရဲ့ တိုက်စစ် က ရုန်းကန် ခဲ့ရတာကို တပွဲတည်း နဲ့ မဆုံးဖြတ်သင့်ဘူး လို့ ထင်ပါတယ် ။ ဒါပေမယ့် တမ်မီ ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ဂိုး အများဆုံး သွင်းယူထားတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် အသင်း အပေါ် သူရဲ့ လွှမ်းမိုးမှု တွေ ရှိနေတယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ ဒီ အချက် ကို ကျွန်တော် တို့ မျက်ကွယ် မပြုသင့်တာ မှန်ပါတယ် ။ ”

” ဒါပေမယ့် တပွဲလောက် အသင်းလိုက် ကစားပုံ ဆိုးသွားခဲ့တာ ၊ ရလဒ် မကောင်းခဲ့တာ အတွက် ကစားသမား တယောက် မပါဝင်နိုင်တာနဲ့ မသက်ဆိုင်ဘူး လို့တော့ ကျွန်တော် ထင်ပါတယ် ။ တမ်မီ ဟာ ကျွန်တော် တို့ အတွက် အရေးပါတဲ့ ကစားသမား ဆိုတာ သေချာပေမယ့် ၊ သူ မပါဝင်နိုင်လို့ ကျွန်တော် တို့ ကစားပုံ မကောင်းခဲ့တာ ကိုတော့ ချက်ချင်း အဖြေပေးလို့ မရပါဘူး ။ ”

” ခရစ်တီယန် ကို False 9 ပုံစံ နဲ့ ထပ်ပြီး ကစားစေဦးမလား ? တောင်ပံ တိုက်စစ် နေရာ အတွက် ယှဉ်ပြိုင်မှု တွေ အရမ်း များနေတာကြောင့် ၊ ခရစ်တီယန် အဖို့ အထောင် တိုက်စစ် နေရာ အတွက်လည်း ယှဉ်ပြိုင်နိုင်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ရော့စ် ကတော့ လောလောဆယ် မှာ အသင်း နဲ့ အတူ ပုံမှန် ပြန်ပြီး လေ့ကျင့် နေပါတယ် ။ ပြီးခဲ့တဲ့ ကိစ္စ က ကျွန်တော့ အတွက် ဘယ်တော့မှ စိတ်ရှုပ်စရာ မဖြစ်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော် ပြီးခဲ့တဲ့ အပတ် က ပြောခဲ့ဖူးသလိုပါပဲ ၊ သူ့ အနေနဲ့ ပွဲထွက်ခွင့် တွေ ပြန်လိုချင်တယ် ဆိုရင် ပြင်းပြင်းထန်ထန် ဆက်လက် ကြိုးစားပြီး နောက်ထပ် ခြေစွမ်း အဆင့် တဆင့် ဆီကို တက်လှမ်း နိုင်ဖို့ လိုပါတယ် ။ ဒါကလည်း သူ့ အပေါ် မှာပဲ အများကြီး မူတည် နေတာပါ ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

SPORTS MYANMAR