တော့တင်ဟမ် နည်းပြသစ် ဟိုဆေးမော်ရင်ညို က သူ့ရဲ့ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဘဝ အတွင်း ဘာ့ကြောင့် Lowry Hotel မှာသာ နေထိုင် ခဲ့သလဲ ဆိုတာကို ယနေ့ည အိုးထရပ်ဖို့ဒ်ကို သွားရောက် ကစားရမယ့် ပွဲစဥ် မတိုင်မီ ရှင်းပြ သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက မော်ရီစီယို ပိုချက်တီနို ရဲ့ တော့တင်ဟမ် နည်းပြ ရာထူးကို ဆက်ခံ ခဲ့တဲ့ မော်ရင်ညိုဟာ လက်ရှိမှာတော့ ပြီးခဲ့တဲ့ နှစ် ယခုလိုလမှာ သူ့ကို ရာထူးကနေ ထုတ်ပယ် ခဲ့တဲ့ ကလပ်နဲ့ ပြန်လည် ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဥ် မတိုင်မီ ယူနိုက်တက် မှာတုန်းက ပုံမှန် မဟုတ်တဲ့ ဟိုတယ်မှာ နေထိုင်မှု အကြောင်းကို မေးမြန်း ခဲ့ပြီး လူတော်တော်များများ ကတော့ ပေါ်တူဂီ နည်းပြဟာ the Theatre of Dreams မှာ အလုပ်လုပ် ရတာကို မပျော်မရွှင် ဖြစ်ခဲ့တာကြောင့် လွယ်လင့်တကူ ရွေ့ပြောင်းနိုင်ရန် အိမ်ငှားနေတာတို့ ၊ အိမ်အပိုင် ဝယ်တာတို့ မလုပ် ခဲ့တာ ဖြစ်တယ်လို့ ယူဆ နေကြပါတယ်။ မော်ရင်ညို ကတော့ ဒီ​ပြောဆိုမှု တွေကို လုံးဝ သဘောတူခြင်း မရှိဘဲ ဟိုတယ်မှာ သူနေထိုင်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြ ခဲ့ပါတယ်။

ဟိုဆေးမော်ရင်ညို က “ကျွန်တော် အဲဒီမှာ မပျော်ရွှင်ဘူး ဆိုတာ ခင်ဗျားတို့ ဘယ်လို လုပ်ပြီး သိတာလဲ? ကျွန်တော် အိမ်တစ်အိမ်မှာ နေထိုင် ရတဲ့ အခါ ကျမှသာ မပျော်မရွှင် ဖြစ်မိမှာပါ။ ကျွန်တော် အိမ်သန့်ရှင်းရေး လုပ်ရ ပါလိမ့်မယ်။ ကျွန်တော် မလုပ်ချင် ပါဘူး။ ကျွန်တော် မီးပူတိုက် ရပါလိမ့်မယ်။ ကျွန်တော် ဘယ်လို တိုက်ရမလဲ ဆိုတာ မသိပါဘူး။ ကျွန်တော် ဟင်းချက်ရ ပါမယ်။ ဒါပေမယ့် ကျွန်တော် ကြက်ဥ နဲ့ ဝက်အူချောင်းပဲ ကြော်တက်ပါတယ်။ ဒါဟာ ကျွန်တော် လုပ်တက်တဲ့ တစ်ခုတည်းသော အရာပါပဲ။

အဲဒီလိုဆိုရင် ကျွန်တော် အရမ်းကို မပျော်မရွှင် ဖြစ်ရပါ လိမ့်မယ်။ ကျွန်တော်ဟာ အရမ်းကို ကောင်းလှတဲ့ တိုက်ခန်းမှာ နေထိုင် ခဲ့တာပါ။ ဒါဟာ အိမ်ဖို့ အခန်းပဲ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိမ်လိုမျိူး ဖြစ်နေ ခဲ့ပါတယ်။ တစ်ပတ်လောက် နေထိုင်ပြီး ပြန်သွား ရတဲ့ ပုံစံမျိုး မဟုတ် ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိမ်လိုပါပဲ။ ကျွန်တော် အဲဒီမှာ အရာအားလုံး ထားခဲ့ လို့ပါတယ်။ ကျွန်တော့်ရဲ့ တီဗီ ၊ စာအုပ်တွေ ၊ ကွန်ပြူတာတွေ ထားထား ခဲ့ပါတယ်။ ကျွန်တော် caffe latte ယူလာပေးဖို့ ပြောနိုင်သလို ၊ ညစာကို အောက်ဆင်း မစားချင်ဘူး ဆိုရင် အခန်း ထဲကို ယူလာပေးဖို့ တောင်းဆိုလို့ ရပါတယ်။

ကျွန်တော် ဘောလုံး ပွဲတွေ ထိုင်ကြည့် နိုင်သလို ကျွန်တော့်ရဲ့ လက်ထောက်တွေ ထဲက တစ်ဦးနဲ့လည်း အလုပ်လုပ် လို့ ရပါတယ်။ ကျွန်တော်တို့ အတွက် အပေါ်ကို စားစရာ ယူလာပေးပါ လို့လည်း အဆင်သင့် မှာနိုင်ပါတယ်။ ကျွန်တော် အရာအားလုံး ပိုင်ဆိုင် ခဲ့ပါတယ်။ အကယ်၍ ကျွန်တော် တစ်ဦးတည်း တိုက်ခန်းတစ်ခန်းမှာ နေထိုင်ရမယ် ဆိုရင် နေထိုင် စားသောက် ရတာ အများကြီး ပိုမို ခက်ခဲမှာပါ။ ကျွန်တော် Lowry Hotel မှာ အဆင်ပြေ တာထက်ကို ပိုခဲ့ပါတယ်။” လို့ ရှင်းပြ ခဲ့ပါတယ်။

မော်ရင်ညို ဟာ ဝက်ဟမ်း ၊ ဘုန်းမောက် တို့ကို ပရီးမီးယားလိဂ်မှာ ဆက်တိုက် အနိုင် ရထားတဲ့ ရလဒ်နဲ့ အတူ စပါးကို အိုးထရပ်ဖို့ဒ်ကို ခေါ်ဆောင် သွားမှာ ဖြစ်ပြီး ဒီရလဒ်ကြောင့် စပါးဟာ အမှတ်ပေးဇယား ရဲ့ အဆင့် ၆ နေရာကို ရောက်လာ ခဲ့ပါတယ်။ မန်ယူနိုက်တက် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက် ၊ အက်စတွန်ဗီလာ တို့နဲ့ ပွဲတွေမှာ သရေကျ ထားခဲ့ပြီး အမှတ်ပေးဇယား ရဲ့ အဆင့် ၁၀ နေရာမှာ ရှိနေကာ ခြေစွမ်း ကလည်း အားစရာ မရှိပါဘူး။

အိုးထရပ်ဖို့ဒ် မှာ ၎င်းရဲ့ အချိန်တွေနဲ့ ပက်သက်ပြီး ဟိုဆေးက သူ့မှာ နောင်တရစရာ ဘာမှ မရှိဘူးလို့ ဆိုလိုက်တဲ့ အပြင် “ကျွန်တော် လေ့လာ သင်ယူ နိူင်ခဲ့ပါတယ်။ ကျွန်တော်ဟာ အခုချိန်မှာ အရင်ကထက် ပိုမို ကောင်းမွန်တဲ့ နည်းပြ တစ်ဦး ဖြစ်နေတယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM