ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ ၄င်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ကို ပြိုင်ဖက် အနေနဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဂျွန်တယ်ရီ ဟာ လက်ရှိ မှာ အက်စတွန် ဗီလာ အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် တာဝန် ယူနေရကာ ၊ ယနေ့ည မှာ ၄င်းရဲ့ ကလပ်ဟောင်း ချယ်လ်ဆီး အသင်း ကို ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ် မှာ လာရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

တယ်ရီ ဟာ ချယ်လ်ဆီး အသင်း မှာ ၂၀၁၆ – ၂၀၁၇ အထိ ကစား ပေးသွားခဲ့ကာ ၊ အက်စတွန် ဗီလာ အသင်း သို့ ပြောင်းရွှေ့ ခဲ့ပြီး ၊ တရာသီ မျှ ကစားခဲ့ကာ ၊ ကစားသမား ဘဝ မှ အနားယူ ခဲ့ပါတယ် ။ အဲ့ဒီနောက် တယ်ရီ ဟာ မန်နေဂျာ လောက ထဲကိုလည်း ဗီလာ အသင်း မှာ လက်ထောက် နည်းပြ အဖြစ် စတင် လုပ်ကိုင်ရင်း ဝင်ရောက် လာပါတယ် ။ တချိန်ချိန် မှာ စတမ်းဖို့ဒ် ဘရစ်ချ် ကို မန်နေဂျာ အနေနဲ့ ပြန်လည် ရောက်လာလိုတဲ့ တယ်ရီ ဟာ ယနေ့ည မှာတော့ ပြိုင်ဖက် အနေနဲ့သာ ပြန်လည် ရောက်ရှိလာဖို့ ရှိနေပါတယ် ။

အက်စတွန် ဗီလာ အသင်း ရဲ့ မန်နေဂျာ ဖြစ်သူ ဒင်းစမစ် ကတော့ တယ်ရီ ဟာ ယနေ့ည ပွဲစဉ် အတွက် စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြန်လာရမှာ ဖြစ်လို့ သေချာပေါက် စိတ်လှုပ်ရှား နေကြောင်း ၊ သို့ပေမယ့် လည်း ပရော်ဖက်ရှင်နယ် ဆန်ဆန် ပဲ အသင်းဟောင်း ကို အနိုင်ရဖို့ အတွက် ဗီလာ အသင်း အတွက် ကူညီ ပေးနေကြောင်း နဲ့ တယ်ရီ ဟာ ၄င်း အတွက် အားထား ရတဲ့ လက်ထောက် မန်နေဂျာ တယောက် ဖြစ်ကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပါတယ် ။

ဒင်းစမစ် က ” ဂျွန် ဟာ မနက်ဖြန် ပွဲစဉ် အတွက် စိတ်လှုပ်ရှား နေမှာ သေချာပါတယ် ။ သူဟာ ကစားသမား ဘဝ မှာတုန်း က အသင်းဟောင်း နဲ့ ဘယ်တော့မှ ထိပ်တိုက် မရင်ဆိုင်ချင်ဘူး လို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ် ။ နောက်ပြီး သူ သာ ကစားသမား ဘဝ က အနားမယူခဲ့ဘူး ဆိုရင် ကျွန်တော် လည်း မနက်ဖြန် ပွဲစဉ် အတွက် သူ့ကို ရွေးချယ် ကစားစေမှာ မဟုတ်ပါဘူး ။ တဖက်မှာ မနက်ဖြန် ပွဲစဉ် အတွက် သူဟာ အသင်းဟောင်း ပရိသတ် တွေရဲ့ ကြီးကျယ်တဲ့ ကြိုဆိုုခြင်း ကို ရရှိမှာ သေချာပါတယ် ။ ”

” ချယ်လ်ဆီး အသင်း မှာ သူ ကစားခဲ့တဲ့ သက်တမ်း တလျှောက် နဲ့ သူ ပေးဆပ်ခဲ့တဲ့ အတိုင်းအတာ တွေ အရ ၊ ဒီလို ကြိုဆိုမှု နဲ့ သူနဲ့ အရမ်း ထိုက်တန်မှု ရှိပါတယ် ။ ဒီ အခိုက်အတန့် အတွက်လည်း သူ စောင့်မျှော် နေပါလိမ့်မယ် ။ သူ့ရဲ့ နေအိမ်လို ဖြစ်နေတဲ့ ချယ်လ်ဆီး အသင်း ကို အခုအခါ မှာ ပြိုင်ဖက် အနေနဲ့ ပြန်ရောက်လာမှာ ဆိုတော့ သူ့ အတွက် နည်းနည်း တော့ ထူးဆန်းနေမယ် လို့ ကျွန်တော် မှန်းဆ မိပါတယ် ။ ”

” ဒါပေမယ့် သူ့ရဲ့ ခံယူချက် ကတော့ မနက်ဖြန် ပွဲစဉ် မှာ အက်စတွန် ဗီလာ အသင်း ကို အနိုင်ရလဒ် ရရှိစေဖို့ ကျွန်တော် နဲ့ နည်းပြ အဖွဲ့ဝင် တခုလုံး ကို အကောင်းဆုံး ကူညီ ပေးနေပါတယ် ။ ဂျွန် ဟာ ကျွန်တော့ အတွက် အရမ်း အရေးကြီး တဲ့ ပုဂ္ဂိုလ် တဦး ဖြစ်သလို ၊ သူနဲ့ အလုပ်လုပ်ရတဲ့ အတွက်လည်း ကျွန်တော် ပျော်ရွှင် ဝမ်းသာ မိပါတယ် ။ သူဟာ ကျွန်တော် တို့ ဆီကို မတူညီတဲ့ အရာ တွေကို ယူဆောင် လာပေးသူပါ ။ ”

” သူ့ရဲ့ ကစားသမား ဘဝ က ရင့်ကျက်တဲ့ အတွေ့အကြုံ တွေ ၊ မတူညီတဲ့ စဉ်းစား တွေးခေါ်မှု တွေ ၊ အောင်မြင်မှု များစွာ ဆွတ်ခူးခဲ့ဖူးတဲ့ ချန်ပီယံ တယောက် ရဲ့ ကျင့်ကြံမှု တွေက ကျွန်တော် တို့ ဆီမှာ ရှိမနေတဲ့ အရာ တွေပါ ။ သူဟာ ချယ်လ်ဆီး အသင်း နဲ့ ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ ဖလား နဲ့ လိဂ်ဖလား တွေကို အလုံအလောက် ဆွတ်ခူး ထားသူ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း အတွက်လည်း သူဟာ ကြီးကျယ်တဲ့ အောင်နိုင်သူ တဦး ဖြစ်ပါတယ် ။ ”

” ဒါကြောင့်မို့ သူဟာ ဆုဖလား တွေကို ဘယ်လိုမျိုး ဆွတ်ခူး ရယူ ရမလဲ ဆိုတာ ကောင်းပောင်း နားလည် သဘောပေါက် ထားသလို ၊ သူ့ရဲ့ ခံယူချက် စိတ်ဓာတ် တွေကို ကျွန်တော် တို့တွေ အတုခိုးခွင့် ရနေကြပါတယ် ။ ဂျွန် ဟာ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ အတူ ကျွန်တော် တို့ကို ပရီးမီးယားလိဂ် ကို ပြန်တန်းတက်ခွင့် ရအောင် ကြိုးစား ပေးခဲ့ပါတယ် ။ မန်နေဂျာ တယောက် အနေနဲ့ လည်း တဖြည်းဖြည်း တိုးတက်တဲ့ အခြေအနေ တွေကို ဖန်တီး ထားနိုင်ပါတယ် ။ ”

” ကျွန်တော် ကတော့ သူ့ကို အနာဂတ် မှာ အရမ်း တော်တဲ့ မန်နေဂျာ အဖြစ် နဲ့ မြင်တွေ့ ရနိုင်တယ် ဆိုတာ ကို အရင် ကတည်းက မှတ်ချက် ပေးပြီးသားပါ ။ အခု လောလောဆယ် မှာတော့ သူဟာ ကျွန်တော် တို့ အတွက် ကူညီ ပေးရင်း ၊ မန်နေဂျာကောင်း တဦး ဖြစ်လာဖို့ အတွေ့အကြံု တွေ ၊ အတတ်ပညာ တွေ ရသလောက် လေ့လာ ဆည်းပူး နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR