လီယွန်နယ်မက်ဆီ ရဲ့ မိခင်ဖြစ်သူ ဆယ်လီယာ ကတ်စင်တနီက လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က သူ့ရဲ့ သားဖြစ်သူ ဘလွန်းဒီအောဆု ကို ငါးကြိမ်မြောက် ဆွတ်ခူး ခဲ့ပြီးနောက် သူ့ရဲ့ သားအနေနဲ့ နောက်ထပ် ဘလွန်းဒီအောဆု ကို ထပ်မံ ရရှိလိမ့်မယ်လို့ မထင်မိ ခဲ့ကြောင်း ဝန်ခံ ပြောဆို သွားခဲ့ပါတယ် ။ ဒါပေမယ့် မက်​ဆီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအောဆု ပေးပွဲမှာတော့ အဓိက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဗာဂျယ်ဗန်ဒိုက် ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့ကို ကျော်ဖြတ်ကာ အဆိုပါ တစ်ဦးချင်း အမြင့်ဆုံး ဆုကို ဆွတ်ခူး သွားခဲ့ပြီး ရော်နယ်ဒို ထက် တစ်ကြိမ် အသာ ၆ ကြိမ်နဲ့ စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမား ဟာ လက်ရှိ အချိန်ထိ တစ်ဦးချင်း အမြင့်ဆုံး စွမ်းဆောင်ရည်ကို ဆက်လက် ပြသနေဆဲ ဖြစ်ပေမယ့် ၎င်းရဲ့ မိသားစုဝင် ဖြစ်သူတွေ ကတော့ မက်ဆီ အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား နောက်တစ်ကြိမ် ထပ်ဖြစ်မယ်လို့ မထင်မှတ် ခဲ့ပါဘူး။

မက်ဆီရဲ့ မိခင်က “ကျွန်မ အနေနဲ့ အထူးကို ပျော်ရွှင် နေပါတယ်။ ကျွန်မတို့ သူ့ကို နောက်တစ်ကြိမ် ဒီဆုကို ရရှိမယ်လို့ မမျှော်လင့် ထားပါဘူး။ ငါးကြိမ်မြောက် ဟာ မက်ဆီ အတွက် နောက်ဆုံးပဲလို့ ကျွန်မတို့ ယူဆ ထားခဲ့ ကြတာပါ။ ဒါ့ကြောင့် အခု ဒီဆုကို ထပ်မံ ရရှိ ခဲ့တဲ့ အတွက် ဒါဟာ အရမ်းကို လှပတဲ့ surprise ဖြစ်ပါတယ်။ သူဟာ ကျွန်မကို အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းစေပါတယ်။
သူ့ရဲ့ စွမ်းဆောင်မှု တွေဟာ နေ့စဥ် နေ့တိုင်း ကျွန်မတို့ကို ဘယ်တုန်းကမှ မရိုး သွားစေပါဘူး။ ဒီထက် ပိုတာကတော့ သူဟာ အရမ်း ကောင်းတဲ့ လူပုဂ္ဂိုလ် တစ်ဦး ဖြစ်နေတာ ကတော့ ပိုမို အဓိက ကျတဲ့ အရာပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ကလပ်အသင်း မှာ မက်​ဆီရဲ့ တစ်ဦးချင်းကော ၊ အသင်းလိုက် အောင်မြင်မှုတွေ ဆက်လက် တည်ရှိ ပေမယ့် ၎င်းရဲ့ မွေးရပ်​​မြေ အာဂျင်တီးနား မှာတော့ မက်ဆီဟာ နိုင်ငံအသင်း အတွက် ဆုဖလားတွေ မရယူ ပေးနိုင်မှု ၊ ကလပ် အသင်းမှာ ပြသတဲ့ ခြေစွမ်း နဲ့ ကွာဟ နေမှုတွေကြောင့် ဝေဖန်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ဆယ်လီယာ ကတော့ ဘယ်သူမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိဘူး ဆိုတာကို လက်ခံ ထားခဲ့တဲ့ အပြင် နိုင်ငံ အသင်း မအောင်မြင်မှု အတွက် မက်ဆီ တစ်ယောက်တည်း ကိုသာ လက်ညှိုးထိုး ဝေဖန်မှု တွေဟာ မျှတမှု မရှိတဲ့ အပြင် မှားယွင်းတယ်လို့လည်း ခံစားမိ နေပါတယ်။

ဆယ်လီယာ က “တိုက်ခိုက်မှု မရှိဘဲ ၊ ဟာသ မလုပ်ဘဲ ဝေဖန် သွားလို့ ရပါတယ်။ မိခင် တစ်ဦး အနေနဲ့ ဒါဟာ နာကျင် စေပါတယ်။ လူတိုင်းလူတိုင်း သူ့ကို နှစ်သက်မှာ မဟုတ်တာတော့ သေချာပါတယ်။ ကျွန်မတို့ အာဂျင်တီးနား နိုင်ငံ အပေါ် ပေးဆပ်စရာ ရှိတယ် ဆိုတာ မိသားစု တစ်ခုလုံး သိကြပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ဖလား ဒါမှမဟုတ် ကိုပါ အမေရိက ဖလားကို မက်ဆီ ထက် ပိုလိုချင်တဲ့သူ ဘယ်သူ ရှိလို့လဲ? အမှန်ပါပဲ။ သူ ကစားတာ ဆိုးရွားတဲ့ အခါ ဒီလိုမျိုး ပြောတာ ရှိနိုင်ပါတယ်။ ကျွန်မတို့ ဒါတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်း ရပါတယ်။ ကျွန်မတို့ သူ့ကို အားပေး ကြသလို ကျွန်မလည်း အားပေး ပါတယ်။” လို့ ဆိုသွားပါတယ်။

မက်ဆီ ဟာ ဒီရာသီ အစ ပွဲစဥ်တွေကို ဒဏ်ရာ ပြသနာကြောင့် လွဲချော် ထားခဲ့ပေမယ့်လည်း ဘာစီလိုနာ စတားဟာ လာလီဂါ ၉ ပွဲ ကစား ထားရာမှာ ၉ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီး ထားခဲ့ပါတယ်။ မက်​ဆီ အနေနဲ့ နိုင်ငံ့လက်ရွေးစင် အသင်းနဲ့ အတူ အောင်မြင်မှု ရယူ နိုင်မယ့် အခွင့်အရေး ကို လာမည့် နွေရာသီ အာဂျင်တီးနား နဲ့ ကိုလံဘီယာ တို့ ပူးတွဲ ကျင်းပမယ့် ကိုပါအမေရိက ဖလား ပြိုင်ပွဲမှာ ရရှိမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းဟာ သြစတေးလျ ၊ ဘိုလီးဗီးယား ၊ ဥရုဂွေး ၊ ချီလီ တို့နဲ့ တစ်အုပ်စုတည်းမှာ ကျရောက် နေပြီး ထိပ်ဆုံး လေးသင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

SM