မန်စီးတီး အသင်းဟာ မနေ့ညက ၀င်ဘာလေမှာ လီဗာပူး ကို ပင်နယ်တီ အဆုံးအဖြတ် ( ၅-၄ ) နဲ့ အနိုင်ရရှိကာ ၂ ရာသီဆက်တိုက် ကွန်မြူတီဒိုင်း ကို ရယူ နိုင်ခဲ့ပါတယ်။ ရာဟင်စတားလင်းဟာ ၁၂ မိနစ်မှာ စီးတီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာတော့ မန်စီးတီး တို့ ခြေစွမ်း အသာနဲ့ ကစားကာ အခွင့်အရေး ကောင်းတွေ ထပ်မံ ရခဲ့ပေမ့ယ် ဂိုးတော့ ထပ်မရ ခဲ့ပါဘူး။

ဒါပေမယ့်လည်း လီဗာပူးရဲ့ ကစားပုံဟာ ဒုတိယပိုင်းမှာ သိသိသာသာ အားကောင်းလာခဲ့ပြီး စီးတီးကို ကောင်းစွာ ခြိမ်းခြောက် ကစား နိုင်ခဲ့ပြီး ဗန်ဒိုက် ရဲ့ ပိတ်သွင်းမှု ဘားတန်းထိ သွားခဲ့မှု နဲ့ ဆာလား ရဲ့ ကန်ချက် ဂိုးတိုင်ထိ ထွက်မှု ရှိခဲ့တာကြောင့် လီဗာပူးတို့ ချေပဂိုးမရ ဖြစ်နေ ခဲ့ပါတယ်။ ထို့နောက် စတားလင်း ဟာ ဂိုးသမား နဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့တဲ့ အနေအထား ကို အသုံးမချ နိုင်ခဲ့တာကြောင့်လည်း စီးတီးတို့ နောက်ထပ် တစ်ဂိုး ထပ်မရခဲ့တာ ဖြစ်ပါတယ်။

စီးတီး ရဲ့ လွဲချော်မှုဟာ အပြစ်ပေးခံ ခဲ့ရပြီး လူစားဝင် ကစားသမား မာတစ်ဟာ ပွဲပြီးဖို့ ၁၃ မိနစ် အလိုမှာ ဗန်ဒိုက်ရဲ့ ဖန်တီးပေးပို့မှု ကနေ ခေါင်းတိုက်ဂိုး သွင်းယူ ခဲ့ပါတယ်။ ထို့နောက် လီဗာပူးတို့ အနိုင်ရလုနီးပါး အခြေအနေတွေ ရခဲ့ကာ ဆာလား ရဲ့ ခေါင်းတိုက်ချက်ကို ကိုင်းဝေါ်ကာ ဂိုးစည်းပေါ် ကနေ ရှင်းထုတ် ပစ်ခဲ့တဲ့ အပြင် အီဂျစ် စတားရဲ့ အားထုတ်မှု အချို့ကိုလည်း ဘရာဗို လက်စွမ်းပြ ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ ၀ိုင်နယ်ဒန် တစ်ဦးတည်း လွဲချော်ခဲ့ကာ ကျန်လူတွေ အားလုံး ပင်နယ်တီ ၀င်ခဲ့ပြီး မန်းစီးတီး က အောင်ပွဲ ခံသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ထူးထူးခြားခြား ပြောစရာများ ကတော့ ..

၁~ ခြေစွမ်း ထက်မြက်နေတဲ့ ရင်းနှီးနေတဲ့ မျက်နှာများ
စတားလင်းဟာ ဒီပွဲမှာ တစ်ဂိုးသွင်း နိုင်ခဲ့ပြီး တိုင်တစ်လုံးထိ ထွက်ခဲ့ကာ ၊ အသင်း ဂိုးရနို်င်တဲ့ အခြေအနေ တစ်ခု နှစ်ခု မှာလည်း အသင်းဖော်ကို ဖန်တီးပေးခဲ့သင့် ပါတယ်။ အခြား တစ်ဖက်မှာလည်း ဆာလား ဟာ တိုင်ထိထွက်ခဲ့မှု ၊ ပြိုင်ဘက်တွေကို အရမ်းကောင်းတဲ့ ကာကွယ်မှုတွေ လုပ်စေခဲ့ပြီး ပြိုင်ဘက် ခံစစ်ကြောင်းကို အတော် ဒုက္ခပေး ကစားသွားခဲ့ပါတယ်။ စတားလင်း နဲ့ ဆာလား တို့ဟာ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ အတော့်ကို ခြေစွမ်း ထက်မြက်နေပါတယ်။ စတားလင်းဟာ ဒီရာသီမှာ ပထမဦးဆုံး အကြိမ် ဂိုး ၂၀ အထက် သွင်းယူ နိုင်ဖို့ မျှော်လင့် ထားရပြီး ဆာလား ကလည်း ရွှေဖိနပ်ဆုကို ၃ နှစ်ဆက်တိုက် ရယူဖို့ ရည်ရွယ် နေမှာပါ။

၂~ အထိုင်ကျနေတဲ့ ရိုဒရီ
မန်စီးတီးဟာ ဒီနွေရာသီမှာ အက်သလက်တီကို ထံမှ ရိုဒရီ ကို ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး နဲ့ ခေါ်ယူ ခဲ့ပါတယ်။ စပိန် ကွင်းလယ်လူဟာ နည်းပြ ဂွာဒီယိုလာ လိုချင်တဲ့ ပုံစံအတိုင်း ကွင်းလယ် ကနေ ကစားပြ သွားခဲ့ပါတယ်။ ဖာနန်ဒင်ညို ရဲ့ နေရာကို အစားထိုးဖို့ ခေါ်ယူထားတဲ့ ရိုဒရီ ဟာ လူငယ်တစ်ဦး ဖြစ်တာကြောင့် ကွင်းလယ်မှာ လုပ်အား အထူးကောင်းလှတဲ့ အပြင် ဖိအားတွေ အောက်မှာ ဘောလုံး ကိုင်ကစား နိုင်ပြီး lines တွေကြားထဲ ဘောလုံးဖြတ်ပေးပုံဟာ တကယ် ကောင်းပါတယ်။

ဒ့ါအပြင် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေထက် နေရာယူမှု ကောင်းကောင်းနဲ့ ဘောလုံးကြားဖြတ်လုယူမှုတွေ လုပ်ခဲ့တဲ့ အပြင် ၎င်းရဲ့ ခန္တာကိုယ် ဖွဲ့စည်းပုံ ကလည်း set-pieces တွေ အားနည်းတဲ့ စီးတီးအတွက် များစွာ အကူအညီ ဖြစ်စေပါတယ်။ ဒီနေ့ပွဲမှာတော့ ရိုဒရီ ရဲ့ မာကျောကျစ်လှစ်တဲ့ ကစားပုံကို မြင်ခဲ့ရပါတယ်။

၃~ အားနည်းမှု ရှိနေဆဲ ခံစစ်ပိုင်း နဲ့ ဒုတိယပိုင်း လွှမ်းမိုးမှု
လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ တစ်ပွဲသာ ရှုံးခဲ့ပြီး ပေးဂိုး ၂၂ ဂိုးသာ ရှိခဲ့ကာ အလီဆွန်ကလည်း clean sheets ၂၁ ကြိမ်ထိ ရကာ ရွှေလက်အိတ်ဆု ရခဲ့ပါတယ်။ လီဗာပူးဟာ စီးတီးလို အသင်းနဲ့ အပတ်တိုင်း ကစား သွားရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်ပိုင်းဟာ အကြိမ်များစွာ ပွင့်ထွက် နေခဲ့ပြီး အာနိုး ၊ ရောဘတ်ဆန် တို့ အတွဲဟာ စီးတီး ရဲ့ pressing ကနေ ရုန်းထွက်ဖို့ အတွက် ခက်ခဲ နေခဲ့ပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာ စီးတီးရဲ့ ကစားပုံ ၊ စုစည်းမှု နဲ့ မြန်နှုန်းတို့ကို လိုက်မမှီ ခဲ့ဘဲ ရုန်းကန် ခဲ့ရကာ ဒီအပိုင်းတွေကို အပတ်တိုင်း ပိုကောင်းလာအောင် ပြင်ဆင် နိုင်မှာတော့ သေချာပါတယ်။

လီဗာပူးရဲ့ နောက်ထပ် ပြသနာ အချို့ကတော့ ပထမပိုင်းမှာ ၀ိုင်နယ်ဒန် ပျောက်နေခဲ့မှုနဲ့ မာနေး ရဲ့ နေရာကို ၀င်ကစား ခဲ့တဲ့ အိုရီဂီ ဟာ ဝေါ်ကာ ရဲ့ ထိန်းချုပ်မှု ကနေ ရုန်းမထွက် နိုင်ခဲ့ဘဲ လီဗာပူး ရဲ့ တိုက်စစ်ကို ထောက်ပံ့မှု အားနည်းခဲ့တာတွေပါ။ ဒါပေမယ့် ကလော့ဟာ ဒုတိယပိုင်းမှာ သူ့ရဲ့ အသင်းကို ပြင်ဆင်နိုင်ခဲ့ကာ လီဗာပူးဟာ နောက်တန်း ပေါက်ထွက်မှု နည်းပါးသွားတဲ့ အပြင် စီးတီးကိုလည်း လွှမ်းမိုး ကစားသွားခဲ့ကာ အခွင့်အရေး များစွာ ဖန်တီး နိုင်ခဲ့ပြီး အနိုင်ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါဟာ အခြား ပရီးမီးယားလိဂ် ကလပ်တွေ အတွက် သတိပေးချက် ဖြစ်ပြီး လီဗာပူးကို ရာသီအစပိုင်းမှာပဲ အခွင့်အရေး ရယူနိုင်မှာပါ။

၎~ ကလော့ ရဲ့ ဦးစားပေး ဗဟို နောက်ခံလူက ဘယ်သူလဲ ?
နွေရာသီ တစ်လျှောက်လုံး ထုတ်လာခဲ့တဲ့ မေးခွန်း ဖြစ်ပြီး ယာဂန်ကလော့ ဟာ ရာသီသစ်မှာ ဗန်ဒိုက် နဲ့ ဘယ်သူကို တွဲဖက်ပေးသွားမလဲ ဆိုတာပါပဲ။ ဒီပွဲအပြီးမှာကော ကလော့ အနေနဲ့ သူ့ရဲ့ ပထမဦးစားပေး ဗဟို နောက်ခံအတွဲကို ဆုံးဖြတ် နိုင်ခဲ့ပြီလား ? ဂိုးမက်ဇ် ပြီးခဲ့တဲ့ ရာသီ အစပိုင်းက အကောင်းဆုံး စွမ်းဆောင် ခဲ့ပေမယ့် ရာသီနှောင်းပိုင်းမှာတော့ မာတစ်ဟာ လီဗာပူးကို အမှားအယွင်း ကင်းကင်းနဲ့ ကောင်းစွာ ကူညီ ပေးခဲ့ပြီး ကလော့ ရဲ့ ပထမဦးစားပေး ဖြစ်ခဲ့ပါတယ်။

စီးတီးနဲ့ ပွဲမှာ ဆိုရင်လည်း ဂိုးမက်ဇ် ခြေစွမ်းကောင်း ခဲ့ပေမယ့် ပွဲပြီးခါနီး လူစားဝင်လာ ခဲ့တဲ့ မာတစ်ဟာ ချေပဂိုးအပြင် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုတွေနဲ့ အရည်အသွေးကောင်းကို ပြသခဲ့ပါတယ်။ ကလော့ အတွက် အနည်းငယ် ရွေးချယ်ရ ခက်နေနိုင်ပြီး လာမည့်သောကြာနေ့ နော့ဝှစ်နဲ့ ပွဲ ၊ လာမည့် ဗုဒ္ဓဟူးနေ့ ချဲလ်ဆီးနဲ့ စူပါဖလား ပွဲတွေမှာ ဘယ်သူ့ကို ရွေးသွားမလဲ ဆိုတာ ကတော့ စိတ်ဝင်စား စရာပါပဲ။

၅~ ရာသီသစ် အတွက် လီဗာပူးတို့ အဆင်သင့် ဖြစ်ပြီလား ?
မဖြစ်သေးပါဘူး။ ဒါပေမယ့် လာမည့် သောကြာနေ့ တန်းတက် နော့ဝှစ်နဲ့ ပွဲ ရောက်လာတဲ့အခါ လီဗာပူးတို့ အဆင်သင့် ဖြစ်လာနိုင်ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်ကြောင့် လီဗာပူးဟာ စပါးကလွဲပြီး အခြား ပရီးမီးယားလိဂ် အသင်းတွေထက် နောက်ကျမှ နားခဲ့ရပေမယ့်လည်း လိဂ်ပြိုင်ပွဲကို အစောဆုံးကန်ရတဲ့ အသင်း ဖြစ်နေတာကတော့ ကံမကောင်းပါဘူး။ ဒါ့အပြင် အဓိက ကစားသမားတွေ နိုင်ငံအသင်းတွေနဲ့ အတူ နောက်ဆုံးအဆင့်တွေ ကစားခဲ့ရမှု ၊ ဒဏ်ရာပြသနာ အချို့ကြောင့် ရာသီကြို ကာလမှာ အင်ပြည့်အားပြည့် မပြင်ဆင် နိုင်ခဲ့တာကလည်း ကလော့ အတွက် ခက်ခဲစေခဲ့ပါတယ်။

တစ်ချို့ကတော့ ပထမပွဲမှာ နော့ဝှစ်နဲ့ ကန်ရတဲ့ အတွက် လီဗာပူးတို့ ကံကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားတဲ့ နော့ဝှစ်ကလည်း လီဗာပူးအတွက် မခေတဲ့ပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ လီဗာပူးအတွက် အရေးပါတဲ့ ရက်သတ္တပတ်ဖြစ်ပြီး မာနေးဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မယ့် အပြင် လူတော်တော် များများကတော့ ဈေးကွက်မပိတ်မီ ကစားသမားအချို့ ခေါ်ယူဖို့ မျှော်လင့် နေကြပါတယ်။

၆~ လန်းဆန်း နေတဲ့ ဖာမီနို
ပွဲအစကတည်းက ဖာမီနိုဟာ အတော့်ကို တောက်ပနေခဲ့ပါတယ်။ နွေရာသီမှာ ဘရာဇီးနဲ့အတူ ကိုပါအမေရိ ဖလား ဆွတ်ခူးထားတဲ့ ဖာမီနိုဟာ လီဗာပူးအတွက် အကောင်းဆုံး လုပ်အားနဲ့ ပြန်လာခဲ့ပါတယ်။ စီးတီးရဲ့ ကွင်းလယ်လူသစ် ရိုဒရီ ကို သူဟာ ဘာလဲဆိုတာ ပြသခဲ့တဲ့ အပြင် ကိုယ့်အသင်းရဲ့ ဂိုးပေါက်အထိလည်း ဘောလုံးကို လိုက်လံ လုယူခဲ့ပါတယ်။ ဖာမီနိုရဲ့ ပွဲအစပိုင်း လှပတဲ့ ကန်ချက်ကို ဘရာဗို ကာကွယ် ခဲ့ရတဲ့အပြင် ဆာလား အတွက်လည်း ကောင်းမွန်တဲ့ အခွင့်အရေးတစ်ချို့ ဖန်ပေးခဲ့ပါတယ်။

ဖာမီနိုဟာ ပြိုင်ဘက်ကို အကောင်းဆုံး pressing လုပ်သွားခဲ့ပြီး ဘောလုံးလုယူမှုတွေလည်း အသာစီး ရခဲ့ကာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဘရာဇီးစတား ကစားခဲ့တဲ့ ပွဲပမာဏကြောင့် ကလော့ အနေနဲ့ ရာသီအစပိုင်း ပွဲအချို့မှာ ဖာမီနို ကို အနားပေးကာ အားပြန်ဖြည့်ခွင့် ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ဖာမီနို ကို ကြည့်ရတာ လာမည့် ရာသီအတွက် အဆင်သင့် ဖြစ်နေတဲ့ ပုံပါပဲ။

SM