ယနေ့ မနက် က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ မှာ အမှတ်ပေး ဇယား အဆင့် ၄ နေရာ က ချယ်လ်ဆီး အသင်း ဟာ တန်းတက် အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ခဲဲ့ပြီး ၊ အေဘရာဟမ် ၊ မေဆင်မောင့် တို့ရဲ့ သွင်းဂိုး တွေနဲ့ ၂ – ၁ ရလဒ် နဲ့ အနိုင် ရခဲ့ကာ ၊ ပရီးမီးယားလိဂ် ၂ပွဲဆက် အရေးနိမ့်ခဲ့ခြင်း ကို ရပ်တန့် နိုင်ခဲ့ပါတယ် ။

ဒီ ပွဲစဉ် ဟာ လက်ရှိ ဗီလာ လက်ထောက် နည်းပြ ၊ ချယ်လ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ် သို့ အပြန်ခရီး လည်း ဖြစ်တာကြောင့် ၊ စိတ်လှုပ်ရှားမှု တွေနဲ့ ပြည့်နှက် ခဲ့ရတဲ့ ပွဲလို့ ဆိုရမှာပါ ။ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ၂ပွဲဆက် အရေးနိမ့် ထားတာကြောင့် ဗီလာ နဲ့ ပွဲမှာ နိုင်ပွဲ ပြန်ရဖို့ အတွက် အတောင့်တင်းဆုံး ကစားသမား ၁၁ ယောက် နဲ့ ပွဲထွက် လာစေခဲ့ပါတယ် ။

ဗီလာ အသင်း ကတော့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ မှာ နယူးကာဆယ် အသင်း ကို ၂ဂိုးပြတ် နဲ့ အနိုင် ၊ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အဝေးကွင်း မှာ တဖက် ၂ဂိုးစီ သရေ ကစား နိုင်ခဲ့တာကြောင့် ၊ စိတ်ဓာတ်ပိုင်း မှာတော့ အတော်လေး ယုံကြည်မှု တွေ ပြည့်ဝ နေခဲ့တယ် လို့ ဆိုရမှာပါ ။ သို့ပေမယ့် လည်း ယနေ့ မနက် က ပွဲစဉ် မှာတော့ နိုင်ပွဲ အတော် ဆာလောင် နေခဲ့တဲ့ ချယ်လ်ဆီး အသင်း ကို အဖက်ဖက် က ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ချယ်လ်ဆီး အသင်း ဟာ ပွဲစတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာ ၊ အခွင့်အရေး ဖန်တီးမှု အသာ နဲ့ ဗီလာ အသင်း ကို တဖက်သတ် စိုးမိုး ကစား နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း အဆုံးသတ်ပိုင်း တိကျမှု နဲ့ တောင်ပံ ၊ ကွင်းလယ် နဲ့ အထောင် တိုက်စစ် အကြား အချိတ်အဆက် တွေကတော့ ထုံးစံ အတိုင်း လိုအပ်ချက် တွေ ရှိနေခဲ့ပါတယ် ။

ဒီ ပွဲစဉ် မှာ ဗီလာ ဟာ အောက်အသင်း ဖြစ်တာကြောင့် ခံစစ်ပိုင်း ကို စနစ်တကျ အကွက်ချ ကစားမယ် လို့ ထင်ထား ခဲ့ပေမယ့် ၊ တကယ့် တကယ်တမ်း မှာတော့ ပြိုင်ဖက် ရဲ့ အဓိက တိုက်စစ်မှူး အေဘရာဟမ် ကိုတောင် လွတ်လွတ်လပ်လပ် ကစားခွင့် ပေးထားခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ဒီ အချက်ကြောင့် ဗီလာ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကန်ချက် များစွာ ကို ခွင့်ပြု ခဲ့ရကာ ၊ ဂိုးသမား တွမ် ဟီတန် ကြောင့်သာ မဟုတ်ရင် ဂိုးပြတ် ရှုံးပွဲ တပွဲ ကို ကျိန်းသေပေါက် ရင်ဆိုင် ခဲ့ရမှာ ဖြစ်ပါတယ် ။

တပွဲလုံး မှာ ဧည့်သည် ဗီလာ တို့ ချယ်လ်ဆီး အသင်း ကို လောက်လောက်လားလား ထိုးဖောက်မှု သိပ်မရှိခဲ့ပဲ ၊ ရသွားတဲ့ ချေပဂိုးကလည်း မထင်မှတ် တဲ့ အနေအထား မှာ ချယ်လ်ဆီး နောက်တန်း နဲ့ လုံးထွေးပြီး ထရာဇီဂေး က ပိတ်သွင်း ခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယပိုင်း မှာလည်း ဒေါက်ဂလပ်စ် လူးဝဇ် ရဲ့ ကန်ချက် တကြိမ် ကို ကီပါ ကာကွယ် လိုက်ရတာ က လွဲရင် ၊ ဗီလာ တို့ရဲ့ ခြိမ်းခြောက်မှု က မရှိသလောက် နည်းခဲ့ပါတယ် ။

ဒါ့အပြင် မန်ယူ နဲ့ ပွဲမှာ အထူး ခြေစွမ်း ပြခဲ့တဲ့ တောင်ပံ ကစားသမား ဂရီးလစ်ရှ် ဟာ ချယ်လ်ဆီး နဲ့ ပွဲမှာတော့ အတော်လေး ရုန်းကန် ခဲ့ရသလို ၊ ထိတာနဲ့ လွယ်လွယ် လှဲချ နေခဲ့တာကြောင့် ချယ်လ်ဆီး ပရိသတ် တွေ အတွက် ဖိအားပေး တိုက်ခိုက်ဖို့ ပစ်မှတ် ဖြစ်လာ ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း အတွက် ကတော့ ဒီ ပွဲဟာ ကျဉ်းမြောင်း ရလဒ် တခု သာ ရရှိခဲ့ပေမယ့် ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ် ။

 

အေဘရာဟမ် ပြန်လည် ပါဝင်နိုင်မှု နဲ့ အတူ တိုက်စစ်ပိုင်း တဟုန်ထိုး တိုးတက် ကောင်းမွန် လာခဲ့တာကို တပွဲလုံး ရင်သပ်ရှုမောစွာ ခံစား ရမှာ ဖြစ်ပြီး ၊ တသင်းလုံး ကိုယ့် အလုပ် ကိုယ် အကောင်းဆုံး လုပ်ဆောင် သွားခဲ့တာ ကို မြင်တွေ့ ခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အဖွင့်ဂိုး ဟာ ရိစ်ဂျိမ်းစ် ရဲ့ တိကျတဲ့ ဖြတ်တင်ဘော က စခဲ့တာ ဖြစ်ကာ ၊ ပင်နယ်တီ ဧရိယာ ထဲမှာ လုံးဝ လူကပ် ခံထားရခြင်း မရှိတဲ့ အေဘရာဟမ် က ခေါင်းတိုက်ပြီး အဆုံးသတ် နိုင်ခဲ့ပါတယ် ။

ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင်း ဟာ အဖွင့်ဂိုး ရရှိထားခဲ့ပေမယ့် ပွဲကို အဆုံးသတ်ဖို့ ဖိဖိစီးစီး မကစား ခဲ့တာကြောင့် ပထမပိုင်း ပြီးခါနီး မှာ ချေပဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ် ။ ဒုတိယပိုင်း မှာတော့ ပွဲစတာနဲ့ လျင်လျင်မြန်မြန် ပဲ ထိုးဖောက် တိုက်စစ်ဆင် ခဲ့တာကြောင့် အေဘရာဟမ် – မေဆင်မောင့် အချိတ်အဆက် ညီခြင်း နဲ့ အတူ အေဘရာဟမ် ရင်ဘတ် နဲ့ ဘောလုံး ချပေးတာ ကို မောင့် က Volley အပြင်း ကန်သွင်းခဲ့ကာ ဦးဆောင်ဂိုး ကို ဒုတိယပိုင်း အစမှာ စောစောစီးစီး ပဲ ရယူ သွားခဲ့ပါတယ် ။

အဲ့ဒီနောက် ချယ်လ်ဆီး တို့ ပွဲကို မြန်မြန် အဆုံးသတ်ဖို့ ကြိုးစား ခဲ့ပေမယ့် ၊ ဝီလီယံ ရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပမှ ကန်ချက် တကြိမ် ၊ ဖရီးကစ် ကန်ချက် တကြိမ် နဲ့ ပူလီဆစ် ရဲ့ တကိုယ်တော် အစွမ်း နဲ့ ထိုးဖောက် ကန်သွင်းချက် တကြိမ် တို့ကို အံ့မခန်း လက်စွမ်းပြ ကာကွယ် သွားခဲ့လို့ ချယ်လ်ဆီး တို့ ဂိုးပြတ် နိုင်ပွဲ တပွဲ ဖန်တီး နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ပွဲ ပြန်ရခဲ့တာ က ချယ်လ်ဆီး အသင်းသား တွေ အတွက် ယုံကြည်မှု ပြန်တက် လာပြီလို့ ဆိုရမှာ ဖြစ်သလို ၊ လာမယ့် စနေနေ့ မှာ ဖိအား များစွာ ကြုံတွေ့ နေရတဲ့ အဲဗာတန် နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲ ၊ လာမယ့် အပတ် ထဲမှာ ချန်ပီယံလိဂ် အုပ်စု အဆုံးအဖြတ် ဖြစ်တဲ့ လိုင်လီ နဲ့ ပွဲစဉ် အတွက် ချယ်လ်ဆီး တို့ စိတ်ဓာတ်ပိုင်း ပုံစံ တွေကို ပြန်လည် မြှင့်တင် လိုက်နိုင်ပြီ ဖြစ်ကြောင်း သုံးသပ်ရင်း … ။

SPORTS MYANMAR