ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တန်းတက် အက်စတွန် ဗီလာ အသင်း ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားခဲ့ရာ ၊ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ ကွင်းလယ်လူ မေဆင်မောင့် တို့ရဲ့ သွင်းဂိုး တွေနဲ့ ၂ – ၁ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့ကာ ၊ အဆင့် ၅ နေရာ က ဝုလ်ဗ် အသင်း ကို ၆မှတ် ဖြတ်ထား နိုင်ဆဲ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ချယ်လ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြ ပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ ( Rating – 7 )

ကီပါ အတွက် ယနေ့ မနက် က ပွဲမှာ ဘာမှ ထွေထွေထူးထူး သိပ် လုပ်ပြစရာ မလိုခဲ့တာ ကို တွေ့ခဲ့ရပြီး ၊ ဗီလာ ဖက်ကလည်း ကြီးကြီးမားမား ဂိုးပေါက် ခြိမ်းခြောက် ခဲ့တာ အတော်လေး နည်းပါး ခဲ့ပါတယ် ။ ပထမပိုင်း မှာ ထရာဇီဂေး ရဲ့ သွင်းဂိုး ကို ခွင့်ပြု ခဲ့ရတာ က လွဲရင် ၊ ကီပါ အမှား ပြုလုပ်ခဲ့ခြင်း မရှိတဲ့ အပြင် ဒုတိယပိုင်း ပြီးခါနီး မှာ ဒေါက်ဂလပ်စ် လူးဝဇ် ရဲ့ ကန်ချက် တကြိမ် ကိုပါ အမှားအယွင်း မရှိ လက်စွမ်း ပြသွားခဲ့ပါတယ် ။

နောက်တန်း – ရိစ်ဂျိမ်းစ် ၊ ခရစ်တန်ဆန် ( Rating – 7 ) ၊ ကတ် ဇူးမား ၊ အက်ဇ်ပီလီကွီတာ ( Rating – 8 )

ညာဖက်ခြမ်း ခံစစ်ပိုင်း မှာတော့ အနည်းငယ် အားနည်းချက် တွေ ရှိခဲ့တာ ကို တွေ့ခဲ့ရပြီး ၊ ညာ အစွန် နောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ အေဘရာဟမ် ရဲ့ သွင်းဂိုး ကို ဖန်တီး နိုင်ခဲ့ပေမယ့် ၊ တိုက်စစ် ပြန်လည် စတင်တဲ့ နေရာ ၊ မလိုအပ်ပဲ အန္တရာယ် ရှိတဲ့ ပေးပို့မှု တချို့ ကို ပြုလုပ် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ယေဘူယျ အားဖြင့် ဂျိ်မ်းစ် ဟာ တပွဲထက် တပွဲ ပိုပြီး ခြေစွမ်း တိိုးတက် လာတယ် လို့ သတ်မှတ် ရမှာ ဖြစ်ပါတယ် ။

မိနစ် ၄၀ လောက် အထိ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေ ထုတ်ပြ နိုင်ခဲ့တဲ့ ခရစ်တန်ဆန် ဟာ ယနေ့ မနက် က ပွဲမှာ ဗီလာ အသင်း ရဲ့ အထောင် တိုက်စစ်မှူး ဝက်စ်လေ ကို အထူး လူကပ် ကစား ပြနိုင်ခဲ့ပါတယ် ။ ပျောက်ဆုံးနေတဲ့ အရင် က ပုံစံကောင်း တွေကိုလည်း ပြန်လည် ရရှိနေကာ ၊ လမ်းပတ် ရဲ့ ကစားကွက် မှာ ပိုပြီး အသားကျ လာဖို့ ပွဲကစားခွင့် အနည်းငယ် ထပ်ပြီး လိုအပ် ဦးမှာလည်း ဖြစ်ပါတယ် ။

ကြံ့ခိုင်မှု အသာပေး ကစားဟန် တွေကိုသာ အသုံးပြုတတ်တဲ့ ပရီးမီးယားလိဂ် မှာ ရာသီ အစ က ဝေဖန်ခံရဆုံး ဖြစ်တဲ့ ဇူးမား တယောက် အတော်လေး အသားကျ လာသလို ၊ ပိုပြီး မာမာထန်ထန် တုန့်ပြန် လာနိုင်တာ ကို တပွဲပြီး တပွဲ တွေ့မြင် လာရပါတယ် ။ ယနေ့ မနက် က ပွဲမှာ အားပါး ပြင်းထန်ပြီး ၊ တိကျတဲ့ ဖျက်ထုတ်မှု တချို့ ကို ဇူးမား ဆီကနေ မြင်တွေ့ ခဲ့ရပါတယ် ။

ဘယ် အစွန် ခံစစ်မှာတော့ အီမာဆင် ၊ မားကို့စ် အလွန်ဆို တို့ရဲ့ ခြေစွမ်း ကို နှစ်ခြိုက် အားရခြင်း မရှိနေတဲ့ ဖရန့် လမ်းပတ် ဟာ အက်ဇ်ပီလီကွီတာ ကို ယုံကြည်စွာ ပွဲပြန်ထုတ် ခဲ့ပါတယ် ။ ဘယ်တောင်ပံ တလျှောက် အတက်အဆင်း မှန်ခဲ့သလို ၊ ပူလီဆစ် ၊ အေဘရာဟမ် တို့ကိုလည်း အက်ဇ်ပီ တယောက် အပြည့်အဝ ပံ့ပိုးမှု တွေ ပြုလုပ် ပေးနိုင် ခဲ့ပါတယ် ။

ကွင်းလယ် – ကန်တေ ( Rating – 7 ) ၊ ကိုဗာဆစ် ၊ မေဆင်မောင့် ( Rating – 8 )

ပြီးခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ပွဲထွက်ခွင့် မရခဲ့တဲ့ ကန်တေ ဟာ ယနေ့ မနက် ပွဲမှာတော့ ပွဲထွက်ခွင့် နဲ့ အတူ တိုက်စစ်ပိုင်း ၊ ခံစစ်ပိုင်း မှာ ပြင်းထန်တဲ့ ကစားဟန် ကို ပြသ နိုင်ခဲ့ပါတယ် ။ ခါတိုင်း တိုက်စစ် ကို ပိုပြီး လိုက်ပါရပေမယ့် ၊ ယနေ့ မနက် က ပွဲမှာ ခံစစ်ပိုင်း ကို ပိုတာဝန် ယူခဲ့ရတာကြောင့် ပိုပြီး ခြေစွမ်း ပြနိုင်ခဲ့ပါတယ် ။ တောင်ပံ က ဂရီးလစ်ရှ် ကိုလည်း ကန်တေ တယောက် ပွဲချိန်ပြည့် ထိန်းချုပ် နိုင်ခဲ့ပါတယ် ။

ကိုဗာဆစ် ကတော့ လမ်းပတ် ရဲ့ အဓိက လက်ရုံး ကွင်းလယ်လူ တဦး ဆိုတာ ဆက်လက် သက်သေ ပြနေဆဲ ဖြစ်ကာ ၊ ယနေ့ မနက် က ပွဲမှာလည်း ၄င်းရဲ့ အလိမ်အခေါက် စွမ်းဆောင်ရည် ၊ ပေါက်ကွဲအား ၊ ခံစစ် ၊ တိုက်စစ် မျှမျှတတ ကစား ပေးနိုင်မှု စွမ်းဆောင်ရည်ကောင်း တွေကို ထပ်မံ မြင်တွေ့ ခဲ့ရပြန်ပါတယ် ။

မေဆင်မောင့် ကတော့ အောက်တိုဘာ နောက်ပိုင်း ဂိုးပေါက် ပျောက်နေမှု ကို ယနေ့ မနက် က ဗီလာ နဲ့ ပွဲမှာ လှပတဲ့ Volley ကန်ချက် နဲ့ အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ပထမပိုင်း အတွင်း မှာ မောင့် ဟာ အရမ်း ကောင်းတဲ့ အခွင့်အရေး ၂ကြိမ် ရရှိခဲ့ပေမယ့် ၊ ဖြုန်းတီး ခဲ့ပါတယ် ။ ဒုတိယပိုင်း မှာတော့ ပိုကောင်းတဲ့ ကစားပုံ ကို ပြသ နိုင်ခဲ့ပြီး အသင်းဖော် တွေနဲ့ အတွဲအဖက် ပိုမိ လာခဲ့ပါတယ် ။

တိုက်စစ် – ဝီလီယံ ၊ ပူလီဆစ် ( Rating – 7 ) ၊ အေဘရာဟမ် ( Rating – 8 )

အေဘရာဟမ် ပြန်လည် ပွဲထွက်လာခြင်း နဲ့ အတူ ၊ ဝီလီယံ ၊ ပူလီဆစ် တို့လည်း ပုံစံကောင်း တွေ ရရှိခဲ့ပါတယ် ။ ဝီလီယံ ဟာ ယနေ့ မနက် က ပွဲစဉ် မှ အဖွင့်ဂိုး အတွက် မြစ်ဖျားခံ လာတဲ့ ကစားသမား ဖြစ်ခဲ့ကာ ၊ အရမ်း ကောင်းတဲ့ ကန်ချက် ၃ကြိမ် ပြုလုပ် ခဲ့ပေမယ့် ဟီတန် လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။

ပူလီဆစ် ကလည်း ဝီလီယံ လိုပဲ လျင်မြန်မှု ၊ ဘောလုံး ထိန်းချုပ်ပုံ သေသပ်မှု ၊ ပြိုင်ဖက် ခံစစ် ကို အလုပ်ရှုပ်စေအောင် ပြုလုပ် နိုင်ခဲ့သလို ၊ တကိုယ်တော် ထိုးဖောက်မှု တွေကနေ ဗီလာ ခံစစ် ကို ဖရိုဖရဲ ဖြစ်စေခဲ့ပါတယ် ။ အေဘရာဟမ် ကတော့ ဒီ ပွဲရဲ့ Man of the Match လို့ ပြောရမယ့် ခြေစွမ်းမျိုး တပွဲလုံးနီးပါး ပြသ သွားခဲ့ပါတယ် ။

ပထမပိုင်း အတွင်း မှာ သွင်းဂိုး တဂိုး ရယူ ခဲ့တဲ့ အေဘရာဟမ် ဟာ ဒုတိယပိုင်း မှာ နောက်ထပ် ဂိုးရနိုင်မယ့် အနေအထား တွေ ကြုံတွေ့ ခဲ့ပေမယ့် ဂိုးအဖြစ်တော့ ထပ်မံ မပြောင်းလဲ နိုင်ခဲ့ပါဘူး ။ သို့ပေမယ့် လည်း မေဆင်မောင့် ရဲ့ volley သွင်းဂိုး အတွက် ရင်ဘတ် နဲ့ တိကျစွာ ချပေး နိုင်ခဲ့တာ ကိုတော့ ချီးကျူး ရမှာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – ဘတ်ရှူဝါရီ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 5 ) ၊ ဂျော်ဂျင်ဟို ( N/A )

SPORTS MYANMAR