ချက်ဟူ ကူယာတေးက သူ့ရဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ဆာဒီယိုမာနေး ဟာ အာဖရိက ကစားသမား တစ်ဦး ဖြစ်နေတာကြောင့် ဘလွန်းဒီအောဆု အတွက် ဥပေက္ခာ ပြုခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအောဆု ပေးပွဲမှာ လီယွန်နယ်မက်ဆီ ၊ ဗာဂျယ်ဗန်ဒိုက် ၊ ခရစ်စတီယာနိုရော်နယ်ဒို တို့ရဲ့နောက် စတုတ္ထနေရာ ရရှိ ခဲ့ပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့ ရာသီက သူကစားသမား ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ကလပ်နဲ့ နိုင်ငံ အတွက် ၂၀၁၉ ခုနှစ်မှာ ၅၅ ဂိုးထိ သွင်းယူ ပေးနိုင်ခဲ့ကာ ဇွန်လ ၁ ရက်နေ့က မက်ဒရစ်မှာ လီဗာပူး အသင်းကို ချန်ပီယံလိဂ် ဖလားရယူ ပေးခဲ့ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီ က အီဂျစ်မှာ ကျင်းပခဲ့တဲ့ အာဖရိက ဖလား ပြိုင်ပွဲ မှာလည်း ဆီနီဂေါ ကို ဖိုင်နယ်ထိ တက်ရောက် နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ်။

ခရစ်စတယ်ပဲလေ့စ် ကွင်းလယ်လူ ကူယာတေး ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် မာနေးသာ အာဖရိက ကစားသမား မဟုတ် ခဲ့ဘူး ဆိုရင် ဘလွန်းဒီအောဆု ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကူယာတေး က “ကျွန်တော့် အတွက် ကတော့ ဘလွန်းဒီအောဆု ဟာ ဆာဒီယိုမာနေး အတွက် ပါပဲ။ ဒါနဲ့ ပက်သက်ပြီး လုံးဝ သံသယ ဖြစ်စရာ မရှိပါဘူး။ ကျွန်တော် ပြောမယ်။ အကယ်၍ ဆာဒီယိုသာ ဘရာဇီး ကစားသမား ဒါမှမဟုတ် ဥရောပသား တစ်ဦးဦး ဖြစ်နေမယ် ဆိုရင် ငြင်းခုန် စရာတောင် ဖြစ်နေမှာ မဟုတ်ပါဘူး။ ဆာဒီယို အနေနဲ့ ဒီဆုကို ၂ နှစ် ဆက်တိုက်တောင် ဆွတ်ခူး သင့်ပါတယ်။ ကျွန်တော် အခုလို ပြောတာ လက်ရွေးစင် အသင်းမှာ အတူ တွဲဖက် ကစားနေလို့ ဒါမှမဟုတ် သူနဲ့ ရင်းနှီးမှု ရှိလို့ မဟုတ်ပါဘူး။ ဒါဟာ ဘောလုံးပွဲ ကြည့်တဲ့ လူတွေရဲ့ ခံစားမှု ဖြစ်ပါတယ်။

ကလပ်နဲ့ နိုင်ငံ အတွက် သူလုပ်ပြ ခဲ့တာတွေကိုပဲ ပြန်ကြည့် လိုက်ပါ။ သူ့ထက် ပိုကောင်းအောင် လုပ်ထားတဲ့သူ မရှိဘူး ဆိုတာ ခင်ဗျားတို့ နားလည် ပါလိမ့်မယ်။ မက်​ဆီဟာ အရမ်း ကောင်းတဲ့ ကစားသမား ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ သူဟာ အကြီးကြယ်ဆုံး ကစားသမားလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတော့…လုပ်စမ်းပါ။

ကျွန်တော့် အနေနဲ့ မာနေးကို ဒီလို အကောင်းဆုံး ဆုတွေ အတွက် ပိုမို အခွင့်အရေး ကောင်းစေဖို့ အတွက် social media game တွေ ပိုလုပ်သွားဖို့ ၊ အရမ်းကို စျေးကြီးတဲ့ အဝတ်အစား ၊ အသုံးအဆောင်တွေ စတင် အသုံးပြ သွားဖို့ မဖြစ်မနေ တိုက်တွန်း သွားရမယ့် ပုံစံ ပါပဲ။ သူတို့ ကြည့်ပြီး အကဲဖြတ်တဲ့ အရာဟာ ဘောလုံး စွမ်းဆောင်ရည် မဟုတ်တာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမား ၃ ဦး (မက်​ဆီ ၊ ဗန်ဒိုက် ၊ ရော်နယ်ဒို) ဟာ မာနေးထက် ပိုမို ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင် စရာ အကြောင်း မရှိလို့ ပါပဲ။” လို့ ဝေဖန် ခဲ့ပါတယ်။

မာနေးရဲ့ လီဗာပူး အသင်းဟာ ယနေ့ မနက်က မာဆေးဆိုက် ဒါဘီမှာ အဲဗာတန် ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲ အပြီးမှာ ၁၄ ပွဲနိုင် ၁ ပွဲ သရေ ရလဒ်နဲ့ အတူ အမှတ်ပေးဇယား ရဲ့ ထိပ်မှာ ၈ မှတ်အသာနဲ့ ဆက်လက် ဦးဆောင် နေဆဲ ဖြစ်ပြီး ချန်ပီယံဆု အတွက် အကောင်းဆုံး ဆက်လက် ခရီးဆက် နေပါတယ်။ မာနေးကလည်း အဆိုပါ ပွဲမှာ ၁ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးမှု လုပ်နိုင် ခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ် မှာ သွင်းဂိုး ၉ ဂိုး ရှိသွားပြီ ဖြစ်ပါတယ်။

SM