ယနေ့ နံနက်ပိုင်း မှာ ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အသင်းက စပါး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ဒါကြောင့် လည်း စပါး နည်းပြ သစ် မော်ရင်ဟို အတွက် အသင်းသစ် နဲ့ ပထမဆုံး ရှုံး ပွဲကို အသင်းဟောင်းနဲ့ အတွေ့မှာကြံုခဲ့ရတာဖြစ်ပါတယ်။

ပွဲအစ ၆ မိနစ် မှာပဲ ရတ်ဖို့ဒ်ကဦး ဆောင်ဂိုးသွင်းသွားခဲ့ လို့ စပါးအသင်းရုန်းကန်ခဲ့ရပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဒယ်လီ အလီက ပြန်ပြီး ချေပ ပေးခဲ့ပါတယ်။ဒုတိယပိုင်း ပြန်စပြီး မကြာ ခင်မှာ လည်း ယူနိုက်တက် အသင်း ဦးဆောင် ဂိုး ထပ်ရ ခဲ့ပြီး ပင်နယ်တီ ကနေ ရတ်ဖို့ဒ် ကပဲ သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နောက်ဆုံး ပြိုင် ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ပရီးမီးယားလိဂ်မှာ တန်းတက် အသင်းနှစ်သင်းဖြစ်တဲ့ ရှက်ဖီးလ် နဲ့ ဗီ လာတို့ ကို ဆက်တိုက်သရေကျထားခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုရဲ့စပါးကတော့ ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ ၃ပွဲဆက်တိုက် နိုင်ပွဲရရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုပွဲစဉ် ပထမပိုင်း မိနစ် ၃၀ လောက် အတွင်းမှာ ယူနိုက်တက် အသင်း က အတော်လေးကောင်းတဲ့ ခြေစွမ်းမျိုးပြသသွားခဲ့ပြီး အခွင့်အရေးတွေ လည်း အကြိမ်ကြိမ်ရခဲ့ပါတယ်။မော်ရင်ဟိုလက်အောက်မှာ ပွဲတိုင်းသွင်းဂိုးတွေနဲ့ ပတ်သက်ထားခဲ့တဲ့ အလီကတော့ စိတ်ကြီးဝင်နေပြီး ယုံကြည်မှု လွန်ကဲနေခဲ့ လို့ စပါးအသင်း အရေးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲအပြီး အင်တာဗျူး တခုမှာ အလီက –
” အကောင်းမြင်စရာ တကွက် မှာ မရှိတာ က တကယ် ကို ခက်ခဲပါတယ်။ကျွန်တော်တို့ အနေနဲ့ ဘာကို လုပ်ဆောင်ရမယ် ဆိုတာကို သိခဲ့ကြပြီး သူတို့ရဲ့ စွမ်းအင်ကို လိုက်မီဖို့ ကြိုးစား ခဲ့ကြပါတယ်။ဒီပွဲ ကို ရှံုးနိမ့်ခဲ့တာ ဟာကွင်း အတွင်း ခြေစွမ်း နိမ့်ပါး ခဲ့တာကြောင့် မဟုတ်ပါဘူး။ စိတ်နေသလောထားတွေကြောင့်သာဖြစ်ပါတယ်။နိုင်ပွဲဆာလောင်မှု လုံလုံလောက်လောက် မရှိခဲ့ သလို ဒုတိယမြောက်ဘောလုံး တွေကိုလည်း အမြဲတမ်း ဆုံးရှံုးနေခဲ့ပါတယ်။

ဒါဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲ နေပြီး စိတ်ကြီးဝင် နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ကျွန်တော်တို့အနေနဲ့ ခြေစွမ်းကောင်းနဲ့ တော့ ကစားနေနိုင် ခဲ့တာဖြစ်ပါတယ်။ဒီလိုပွဲမျိုးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လိုအပ်ပေမယ့် မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ တာ့ လိုအပ်တာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒီလိုပွဲမျိုးမှာမှ ပေါ့ပျက်ပျက် သဘောထား ခဲ့ကြလို့ အခုလို အပြစ်ဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးဟာနှစ်တွေအကြာကြီးအတူဖြတ်သန်းထားခဲ့ကြပြီး ဒီပွဲကနေ သင်ယူမှုတွေ လုပ်ဖို့လိုပါတယ်။ကျွန်တော်တို့ဟာပွဲတိုင်းကို အနိုင်လိုချင်ကြတာဖြစ်ပြီးကိုယ်အသင်းနည်းပြရဲ့ အသင်းဟောင်းကိုလည်း အနိုင်ယူချင်ခဲ့ကြပါတယ် ” လို့ပြောခဲ့ပါတယ်။

စပါး အသင်းဟာ ဒီပွဲအရှံုးကြောင့် အဆင့် ၈နေရာအထိ ကျဆင်းသွားခဲ့ရပြီး ယူနိုက်တက် အသင်းကတော့ အဆင့် ၆ အထိ တက်ရောက်သွားနိုင် ခဲ့ပါတယ်။စပါးအသင်းဟာလာမယ့်ပွဲမှာ ဘန်လေကိုအိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ယူနိုက်တက် အသင်းကတော့ အီတီဟတ်မှာ မန်ချက်စတာဒါဘီ ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။ဒယ်လီ အလီဟာ ပြီးခဲ့တဲ့ရာသီ တွေလောက်ကောင်းမွန်တဲ့ ခြေစွမ်းမျိုးမပြစနိုင်ခဲ့လို့ ဒီရာသီမှာဝေဖန်မှု အချို့ခံနေခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် မော်ရင်ဟိုရဲ့ဆုံးမမှု ခံရအပြီးမှာတော့ နောက်ဆုံး လေးပွဲစလုံးမှာ သွင်းဂိုးတွေနဲ့ ပတ်သက်ထားနိုင်နေခဲ့ပြီဖြစ်ပါတယ်။

SPORTS MYANMAR