ယာဂန်ကလော့ ဟာ မနေ့ညက အဲဗာတန် ကို ၅-၂ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အပြောင်းအလဲတွေ ပြုလုပ် ထားခဲ့တဲ့ သူ့အသင်းရဲ့ နိုင်ပွဲကို ရင်ခုန် စိ်တ်လှုပ်ရှား နေပေမယ့်လည်း ပြိုင်ဘက်ကို ဂိုးတွေ ပေးစေ ခဲ့တဲ့ သူ့အသင်း ရဲ့ ဆုံးဖြတ်ချက် ချမှု တွေကိုတော့ သဘောမကျ ဖြစ်နေ ပါတယ်။

လီဗာပူးဟာ အိုရီဂီ နဲ့ ရှကီရီ တို့ရဲ့ အစောပိုင်း သွင်းဂိုး တွေနဲ့ အတူ ၂၁ မိနစ် မှာတင် ၂-၀ နဲ့ ဦးဆောင် ထားနိုင် ခဲ့တာကြောင့် သက်တောင့်သက်သာ နိုင်ပွဲ ရတော့မယ်လို့ ထင်မှတ် ထားခဲ့ ပေမယ့်လည်း လီဗာပူးရဲ့ ခံစစ် ကစားပုံ အားနည်းမှု ကနေ မိုက်ကယ်ကိန်းက ဂိုးသွင်း သွားခဲ့တာကြောင့် ၂-၁ နဲ့ ဖြစ်သွား ခဲ့ပြီး စိုးရိမ်စရာ အခြေအနေ ဖြစ်သွား ခဲ့ပါတယ်။ ဒါပေမယ့် အိုရီဂီ ၊ မာနေး တို့ဟာ ပထမပိုင်း မှာတင် နောက်ထပ် သွင်းဂိုး ရယူ ပေးခဲ့တာကြောင့် ၄-၁ ဖြစ်သွား ခဲ့ပြီး လီဗာပူး တို့ ဂိုးပြတ် နို်င်ပွဲကို ဦးတည် နေခဲ့ပါတယ်။

ဒါပေမယ့် ခံစစ်ပိုင်း ပေါ့လျော့မှု ကနေ ရစ်ချယ်လဆင် က ပထမပိုင်း ရဲ့ နောက်ဆုံး မိနစ်မှာ ၄-၂ ဖြစ်သွား စေခဲ့တာကြောင့် ကလော့ အနေနဲ့ ဒီအပေါ် ပေါက်ကွဲ ခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။ ကလော့က ပထမပိုင်း မပြီးခင်လေး မှာတင် သူ့ရဲ့ အသင်း အနေနဲ့ ဘရာဇီး တိုက်စစ်မှုးကို ဂိုးကို ခွင့်ပြု လိုက်ရတာကို သဘောမကျ ဖြစ်နေပြီး သူ့အသင်း အနေနဲ့ ဒီထက် ပိုပြီး ပါးနပ် သင့်တယ်လို့ ပြောလိုက် ပါတယ်။

ကလော့က “ကျွန်တော်တို့ဟာ ခံစစ် ကစားရာမှာ အကြိမ်ကြိမ် အနည်းငယ် လောကြီး နေခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အရမ်းကို တိုက်ရိုက်ကျစွာ ကစား ခဲ့ပြီး second ball အခြေအနေတွေမှာ သူတို့ ဘောလုံး အများကြီး ရခဲ့ ကြပါတယ်။ second ball ကနေ ဘောလုံး ရသွား ခဲ့တဲ့ အခါ သူတို့ဟာ ဒီကနေ ကောင်းမွန်တဲ့ တိုက်စစ် လမ်းကြောင်းကို စတင် နိုင်ခဲ့ ပါတယ်။

၄-၁ လောက်ထိ အားလုံး ကောင်းပါတယ်။ ဒါပေမယ့် ၄-၂ ဖြစ်သွား ခဲ့တဲ့ အချိန်မှာတော့ ကျွန်တော် ဒါကို သိပ်မကြိုက် တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ နာကျင် အချိန်ပိုဟာ ၃ မိနစ် ဖြစ်ပါတယ်။ နာကျင် အချိန်ပို ၂ မိနစ် ရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ တိုက်စစ် ဆင်တဲ့ ဘောလုံး ပေးပို့မှု လုပ်ခဲ့ ပါတယ်။ ဒါဟာ သိပ်ပြီး အဓိပ္ပာယ် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီကနေ သင်ယူ သွားရပါမယ်။ ကျွန်တော်တို့ သင်ယူ နို်င်ပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်သွားမယ့် အရာပါ။ ဒ့ါကြောင့် အားလုံး ကောင်းပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဂျာမန်နည်းပြဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ အသင်းကို နေရာ ငါးနေရာ အပြောင်းအလဲ လုပ်ခဲ့ပြီး ဆာလား ၊ ဖာမီနို ၊ ဟန်ဒါဆန် ၊ ချိန်ဘာလိန် တို့ကို အရန်ခုံ ကို ပို့ခဲ့ပြီး အလီဆွန် ပွဲပယ် ခံထား ရတာကြောင့် အက်ဒရီယန် က ၀င်ကစား သွားခဲ့ ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးရဲ့ ကစားဟန် ဟာ ကောင်းမွန် ခဲ့ပြီး ကလော့ ရဲ့ အပြောင်းအလဲ အလုပ် ဖြစ်ခဲ့တာကို တွေ့ခဲ့ ရကာ ဂျာမန် နည်းပြက သူ့အသင်းမှာ ပွဲကစားခွင့် နည်းနေတဲ့ အခြား ကစားသမား အားလုံးကို လေးစားမှုနဲ့ ဒီလိုမျိုး အခွင့်အရေး ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

ကလော့က “ကောင်းပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသ ခဲ့တာပါ။ အထူးသဖြင့် ကျွန်တော် ဖန်တီး ခဲ့တဲ့ line-up နဲ့ ပက်သက်ပြီး အတော် ကြိုက်မိပါတယ်။ ပထမ အသင်းကို နေရာ ငါးနေရာလောက် အပြောင်းအလဲ လုပ်တာဟာ ပြသနာ အချို့ကို ဦးတည်စေ နိုင်တာ သေချာပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော် ဒါတွေကို မမြင်တွေ့ ခဲ့ရပါဘူး။ ကျွန်တော်တို့ အပြောင်းအလဲတွေ လုပ်ရပါတယ် ဒါဟာ ရှင်းပါတယ်။ လူတစ်ချို့ ကတော့ ဒါဘီပွဲစဉ် မတိုင်မီ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ ပက်သက်ပြီး မပျော်မရွှင် ဖြစ်နေကြ ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ဒီအပေါ်မှာ အခြား ဘာမှ လုပ်လို့ မရနိုုင်ပါဘူး။ ဒါဟာ ပြိုင်ဆို်င်မှု အရမ်း ပြင်းထန်မယ့် ပွဲဆိုတာ ရှင်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လန်းဆန်း နေတဲ့ ကစားသမားတွေကို တက်နိုင်သမျှ များများ လိုအပ်ပါတယ်။ ကျွန်တော် ဒီညမှာ line-up ထဲ မထည့်နိုင်တဲ့ ကစားသမား ၂ ဦးကတော့ နာဘီ နဲ့ ဂျိုး တို့ ဖြစ်ပါတယ်။ ဂျိုးကိုတော့ ခင်ဗျားတို့ မြင်ခဲ့မှာပါ။ နာဘီ ကတော့ အရမ်းကို ကောင်းတဲ့ ပုံစံ ရနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒီလို ရဲရင့်တဲ့ အပြောင်းအလဲတွေ လုပ်တာ ကျွန်တေ်ာ တစ်ဦးတည်းတော့ မဟုတ်ပါဘူး။


ဒါပေမယ့် ကောင်လေးတွေ ဒီလို ခက်ခဲတဲ့ ပွဲမှာ လုပ်ပြ ခဲ့တာတွေဟာ အနှိုင်းမဲ့ ပါပဲ။ ကျွန်တော်တို့ အရမ်း ကောင်းတဲ့ ဂိုးတွေ သွင်းယူ နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ တို်က်ပွဲဝင် ခဲ့ရပါတယ်။ ခံစစ် ကစားပုံ အရ အချို့ အရာလေးတွေ အလုပ် မဖြစ် ခဲ့ပါဘူး။ ပထမဦးဆုံး ကျွန်တေ်ာတို့ရဲ့ နည်းစနစ်ဟာ သူတို့ကို အံ့သြ စေပါတယ်။ အဲဒီနောက် သူတို့ မအံ့သြတော့ ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ နည်းစနစ်ပိုင်း နည်းနည်း ပြောင်းလဲ ခဲ့တဲ့ အပေါ် အသားတကျ မဖြစ် ခဲ့ပါဘူး။

ကျွန်တော်တို့ ပထမပိုင်း ပြီးတဲ့ အထိ စောင့်ဆိုင်း ချင်ခဲ့ပါတယ်။ ၄-၁ ဖြစ်နေတုန်းက အဆင့်ပြေ ပါတယ်။ ၄-၂ ဖြစ်တာကိုတော့ ကျွန်တော် အဆင် မပြေပါဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်း ကျွန်တော်တို့ သူတို့ရဲ့ နည်းစနစ်နဲ့ အသားကျ ခဲ့ပါတယ်။ ဒါဟာ ပြိုင်ဆိုင်မှု ပြငး်ထန်တဲ့ ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို နောက်တစ်ကြိမ် အများကြီး ထိိန်းချုပ် နိုင်ခဲ့ပါတယ်။ အရမ်း ကောင်းတဲ့ ၅ ဂိုးမြောက် သွင်းဂိုးကို ရယူ ခဲ့ပြီး ပွဲကို ဖြတ်ခဲ့ပါတယ်။ အားလုံး ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM