အာဆင်နယ် အသင်း နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ရေးပါလာ က အသင်းရဲ့ အမြဲတမ်း နည်းပြ အဖြစ် ပိုချက်တီနို မြင်တွေ့ ချင်ကြောင်း နဲ့ အတွေ့အကြုံ မရှိသေးတဲ့ အာတီတာကိုတော့ မခန့်အပ် သင့်ကြောင်း အကြံဉာဏ် ပေးသွား ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဖရန့်ဖတ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ် ခဲ့ပြီး ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြ ယွန်းဘတ် ကို တာဝန် ပေးအပ် ခဲ့ပါတယ် ။

ယွန်းဘတ် ပထမဆုံး ကိုင်တွယ်တဲ့ပွဲမှာ အာဆင်နယ် အသင်းဟာ နောဝှစ်ချ် စီးတီး အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျသွားခဲ့ပြီး ဒီတစ်ပတ်မှာတော့ အိမ်ကွင်း အမ်းမရိတ်မှာ ဘရိုက်တန် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစား သွားရမှာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ ယာယီ နည်းပြ ယွန်းဘတ် အပေါ် ယုံကြည်မှု အပြည့် ရှိနေကြပေမယ့် နည်းပြသစ် ကိုတော့ ဆက်လက် ရှာဖွေ နေဆဲဖြစ်ပြီး ပိုချက်တီနို ၊ အာတီတာ ၊ အန်ဆယ်လော့တီ ၊ နူနိုဆန်တိုစ့် ၊ ရော်ဂျာ ၊ အယ်လီဂရီနီ တို့ကို ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ဂန်းနား ကွင်းလယ်လူဟောင်း ရေးပါလာ ကတော့ အာဆင်နယ် အသင်း နည်းပြ အဖြစ် ဘယ်သူတွေကို ​မြင်တွေ့ချင်သလဲ ဆိုတာ အခုလို ပြောကြား သွားခဲ့ပါတယ် ။

” ကျနော့်ရဲ့ နံပါတ်တစ်ဦးစားပေး နည်းပြကတော့ အာဆင်နယ် ကို လာမယ် မထင်ပါဘူး ၊ ဒါပေမယ့် သူ့ကိုတော့ အာဆင်နယ် အသင်းမှာ မြင်တွေ့ချင်ပါတယ် ၊ သူကတော့ ပိုချက်တီနို ပါ ၊ အရိုးသားဆုံး ပြောရရင် ပိုချက်တီနို က မန်ယူနိုက်တက်ကိုပဲ သွားမှာပါ ။ ”

” နံပါတ်နှစ်ကတော့ ဘရန်ဒန် ရော်ဂျာ ပါ ၊ သူက လက်စတာ အသင်းကို အကောင်းဆုံး ဦးဆောင်ထား နိုင်သလို အာဆင်နယ် ကိုလည်း တိုးတက်အောင် လုပ်နိုင်မယ့်သူပါ ။ နံပါတ်သုံးကတော့ အတွေ့အကြုံ ရှိတဲ့ အယ်လီဂရီ ပေါ့ဗျာ ။ ”

” နံပါတ် လေးကတော့ ဝုလ်ဗာဟမ်တန် အသင်းမှာ အကောင်းဆုံး လုပ်​ပြနေတဲ့ နူနို ဆန်တိုစ့် ပေါ့ဗျာ ၊ ဖရက်ဒီ ကတော့ နံပါတ် ငါးနေရာမှာပါ ၊ ရေပန်းစားနေတဲ့ အထဲ ပါနေတဲ့ အာတီတာ ကတော့ ကျနော့်ရဲ့ နောက်ဆုံး ရွေးချယ်မှုပါ ၊ သူ့မှာ အတွေ့အကြုံ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR