ဂန်းနား ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီ က အသင်းဖော်ဟောင်း ယွန်းဘတ် အသင်း အနေနဲ့ အာဆင်နယ် အသင်းကို အကောင်းဆုံး ဖြစ်အောင် ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် အချိန် ယူရမှာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ စိတ်ရှည် သည်းခံဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဖရန့်ဖတ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ် ခဲ့ပြီး ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြ ယွန်းဘတ် ကို တာဝန် ပေးအပ် ခဲ့ပါတယ် ။

ယွန်းဘတ် ပထမဆုံး ကိုင်တွယ်တဲ့ပွဲမှာ အာဆင်နယ် အသင်းဟာ နောဝှစ်ချ် စီးတီး အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျသွားခဲ့ပြီး ဒီတစ်ပတ်မှာတော့ အိမ်ကွင်း အမ်းမရိတ်မှာ ဘရိုက်တန် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစား သွားရမှာလည်း ဖြစ်ပါတယ် ။

ယွန်းဘတ် နဲ့ အတူ အာဆင်နယ် အသင်းမှာ ရှစ်နှစ်ကြာ တွဲကစားခဲ့ဖူးတဲ့ အွန်နရီ က ပရိသတ်တွေ အနေနဲ့ ယွန်းဘတ် ကို အဝေဖန် မစောကြဖို့ တိုက်တွန်း သွားခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်ဟန် တစ်ခု တည်ဆောက်ဖို့ဆိုရင် အချိန်ပေးဖို့တော့ လိုအပ်ကြောင်း ဆိုပါတယ် ။

အွန်နရီ က Amazon Prime နဲ့ အင်တာဗျူးမှာ “လေ့ကျင့်ရေး အစီအစဉ် တစ်ခု ၊ နှစ်ခုလောက်နဲ့ အသင်းကို အလုံးစုံ ပြောင်းလဲဖို့ ဆိုတာက အတော်လေး ခက်ခဲပါတယ် ၊ ဘယ်လိုမှကို ဖြစ်နိုင်ချေ မရှိတာပါ ။ ကျနော်တို့ အနေနဲ့ ဒါကို လက်ခံ စဉ်းစား ရမှာပါ ။ ”

” နောဝှစ်ချ် နဲ့ ပွဲမှာဆို အူဘာမီယန်း ရဲ့ သွင်းဂိုး နှစ်ဂိုး ကြောင့်သာ ရှုံးပွဲ ကြုံတွေ့ ရမယ့် အရေးကနေ လွတ်မြောက် သွားခဲ့တာပါ ၊ အူဘာမီယန်း သာ ဂိုးမသွင်းနိုင်ခဲ့ရင် ကျနော်တို့ ဘယ်လို ရလဒ် ထွက်ပေါ် သွားမလဲ ဆိုတာ ခင်ဗျား တို့ သိမှာပါ ။ ”

” ဘရိုက်တန် နဲ့ ကစားရမယ့် ပွဲက ဘယ်လို ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ၊ ဖရက်ဒီ ( ယွန်းဘတ် ) ဘာတွေ လုပ်ပြမလဲ ဆိုတာ မြင်တွေ့ခွင့် ရတော့မှာပါ ၊ နောဝှစ်ချ် နဲ့ ပွဲကတော့ အပြောင်းအလဲ မြင်တွေ့ရဖို့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အပြီးမှာ လေးပွဲနိုင် ၊ ၇ ပွဲသရေ ၊ ၃ ပွဲ ရှုံးနဲ့ အမှတ်ပေး ဇယား အဆင့် ၁၀ ကို ရောက်ရှိ နေပါတယ် ။ အာဆင်နယ် အသင်းဟာ မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၂:၄၅ မှာ ဘရိုက်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစား သွားရမှာပါ ။

SPORTS MYANMAR