မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာ က အာဆင်နယ် အသင်းရဲ့ နည်းပြ ရာထူး အတွက် အသင့်တော်ဆုံးသူဟာ ပက်ထရစ် ဗီအဲရာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဂန်နားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ စပိန်လူမျိုး နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖရန့်ဖတ် အသင်းကို ရှုံးနိမ့်ပြီး နာရီ အနည်းငယ် အကြာမှာပဲ ထုတ်ပယ် ခံလိုက်ရတာလည်း ဖြစ်ပါတယ် ။

အမ်မရီ အနေနဲ့ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၁၈ လ (၂၀၁၉ မေကနေ ၂၀၁၉ နိုဝင်ဘာ ) အကြာမှာပဲ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပြီး ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ် ကို တာဝန် ပေးအပ် ထားပါတယ် ။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ ယာယီ နည်းပြ ယွန်းဘတ် အပေါ် ယုံကြည်မှု အပြည့် ရှိနေကြပေမယ့် နည်းပြသစ် ကိုတော့ ဆက်လက် ရှာဖွေ နေဆဲဖြစ်ပြီး ပိုချက်တီနို ၊ အာတီတာ ၊ အန်ဆယ်လော့တီ ၊ နူနိုဆန်တိုစ့် ၊ ရော်ဂျာ ၊ အယ်လီဂရီနီ တို့ကို ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

မန်ယူနိုက်တက် နဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်း ဆာဟာ ကတော့ အာဆင်နယ် အသင်း နည်းပြ ရာထူး နဲ့ အသင့်တော်ဆုံးသူက ဘယ်သူလဲ ဆိုတာကို bwin နဲ့ အင်တာဗျူးမှာ ဖြေကြား သွားခဲ့ပါတယ် ။

” ကျွန်တော်ကတော့ အာဆင်နယ် အသင်းရဲ့ နည်းပြ နေရာမှာ ပက်ထရစ် ဗီအဲရာ ကိုပဲ မြင်တွေ့ချင်ပါတယ် ၊ နည်းပြ နေရာ အတွက် ရေပန်းစားနေတဲ့သူတွေ ရှိပေမယ့် သူ့လောက် ဘယ်သူမှ အသင်းနဲ့ အဆင်ပြေ သင့်တော်မှာ မဟုတ်ပါဘူး ။ ”

” သူက ကျနော့် သူငယ်ချင်း မို့လို့ မြှောက်ပြောနေတာ မဟုတ်ပါဘူး ၊ သူက ပြီးခဲ့တဲ့ နှစ်တွေကတည်းက နည်းပြ အလုပ်မှာ အကောင်းဆုံး စွမ်းဆောင် ပြနေတာပါ ၊ သူ့မှာ အာဆင်နယ် ကစားသမား တစ်ဦးရဲ့နှလုံးသားလည်း ရှိသလို အသင်းကလည်း သူလို လူကို လိုအပ်ပါတယ် ။ ”

” သူက အာဆင်နယ် အသင်း ကစားသမားတွေနဲ့ အသင့်တော်ဆုံးသူပါ ၊ အာဆင်ဝင်းဂါး လက်ထက်တုန်းက သူ့လက်အောက်မှာ အာဆင်နယ် ကစားသမားဟောင်းတွေ သိပ်မရှိတဲ့ အပေါ် အရမ်း အံ့အားသင့်မိပါတယ် ၊ သူက အာဆင်နယ် အတွက် အပြီးပြည့်စုံ သူပါပဲ ။ ”

” ကျနော် က အာဆင်နယ် အသင်းကို မုန်းတီးသူပါ ၊ ဒါကလည်း ဗီအဲရာ နဲ့ သူ့ရဲ့ အသင်းဖော်တွေကြောင့်ပါ ၊ သူတို့နဲ့ ယှဉ်ပြိုင် ကစားရတာ တကယ် မလွယ်တာပါ ၊ အာဆင်နယ် အနေနဲ့ သူတို့ခေတ်တုန်းကလို ပုံစံမျိုး ပြန်ရဖို့ လိုပါတယ် ၊ သူက အာဆင်နယ် အသင်းကို ပြန်လည် ဦးမော့လာအောင် လုပ်နိုင်မယ့်သူပါ ။ ” လို့ ဆိုပါတယ် ။

ဗီအဲရာ ဟာ အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေဖလား နှစ်ကြိမ် ရယူ နိုင်ခဲ့ကာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း ရှုံးပွဲ မရှိ စံချိန်နဲ့ ဗိုလ်စွဲတုန်းက အသင်းကို ဦးဆောင်ခဲ့တဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ဂန္တဝင် ကွင်းလယ်လူ ဗီအဲရာ ဟာ ကစားသမား ဘဝ က အနားယူချိန်မှာ မန်စီးတီး အကယ်ဒမီ နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် ဘောလုံး ကလပ် နယူးယော့ခ် စတီး အသင်းမှာ နည်းပြ ဘဝ ကို စတင် ခဲ့ပါတယ် ။

ဗီအဲရာ ဟာ အခု လက်ရှိ အချိန်မှာ ပြင်သစ် လီဂူး ကလပ် နိုက်စ် အသင်း ရဲ့ နည်းပြ အဖြစ် လုပ်ကိုင် နေပြီး ၊ အာဆင်နယ် အသင်း နည်းပြ ရာထူး အတွက် ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR