မန်ချက်စတာ ယူနို်က်တက် တိုက်စစ်မှုးဟောင်း လူးဝစ်ဆာဟာ က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ ပြင်သစ် အင်အားကြီး ကလပ် ပဲရစ်စိန့်ဂျာမိန်း အသင်းရဲ့ တိုက်စစ်မှုး အက်ဒီဆင် ကာဗာနီ ကို ရအောင် ခေါ်ယူ သင့်တယ်လို့ ယုံကြည် နေပါတယ်။ ယူနို််က်တက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိုးထရပ်ဖို့ဒ်မှာ တော့တင်ဟမ်ကို ၂-၁ နဲ့ နိုင်ခဲ့ ပေမယ့်လည်း ဒီရာသီမှာ ရလဒ် တွေကတော့ မတည်မငြိမ် ဖြစ်လျက် ရှိနေ ပါတယ်။

ဆာဟာ က အိုလီဂန်ဆိုးရှား ရဲ့ တိုက်စစ် အင်အားစုကို နောက်ထပ် တိုက်စစ်မှုး တစ်ဦး အားဖြည့် လိုက်မယ် ဆိုရင် ဖြစ်ပေါ် လာနိုင်တဲ့ နေရာတစ်နေရာ အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့် ဒါဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ပိုမို အားကောင်း သွားစေမယ်လို့ ယုံကြည် နေပါတယ်။

ဆာဟာ က “မန်ချက်စတာ ယူနို်က်တက် ဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ မှာ အသင်းကို အားဖြည့်ဖို့ အလိုအပ်ဆုံး ပရီးမီးယားလိဂ် အသင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဒီအပြောင်းအရွေ့ စျေးကွက်မှာ ပီအက်ဂျီက အက်ဒီဆင် ကာဗာနီ ကို ခေါ်ယူဖို့ စဉ်းစား သင့်ပါတယ်။ လက်ရှိ ကစားသမား တွေကို စိန်ခေါ် သွားဖို့ နဲ့ ပြိုင်ဆိုင်မှု ကို ဖန်တီးဖို့ အတွက် ဆိုးရှားရဲ့ အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူ သွားဖို့ လိုအပ် ပါတယ်။

ကာဗာနီဟာ ရပ်ဖို့ဒ် နဲ့ မာရှယ် တို့ကို တွန်းအား ပေးနိုင်မှာ ဖြစ်ပြီး သူတို့ကို ပိုမို ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်စေ မှာပါ။ ဆာအဲလက်စ် ဖာဂူဆန် ဟာ ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ ကစားသမား ခေါ်ယူ တာကို လုံးဝ မနှစ်သက် ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာ အခြေအနေ တွေက ခြားနား သွားခဲ့ ပါပြီ။ ယူနိုက်တက် ဟာ ဖြစ်နိုင်သမျှ အမြန်ဆုံး အသင်းကို အင်အား တောင့်တင်းအောင် လုပ်ဖို့ လိုအပ် ပါတယ်။

ကျွန်တော် ကတော့ ကာဗာနီ လို တိုက်စစ်မှုး ပရီးမီးယားလိဂ်ထံ ပြောင်းလာ တာကို အရမ်း မြင်ချင်ပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်လည်း အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာ မှာပါ။ ပြီးတော့ ကျွန်တော် ဒေ့ါမွန်ရဲ့ ဂျေဒွန်ဆန်ချို ဒါမှမဟုတ် ဘာစီလိုနာ ရဲ့ ဆယ်မြူရယ် အမ်တီတီ တို့ကို ခေါ်ယူတာ ကိုလည်း အရမ်း မြင်ချင် ပါတယ်။ သူတို့ နှစ်ဦး စလုံးဟာ ပရီးမီးယားလိဂ် မှာ အတော့်ကို အံဝင်မယ့် သူတွေပါ။” လို့ ဆိုလိုက် ပါတယ်။

အသက် ၃၂ နှစ် အရွယ် ကာဗာနီ ဟာ ဒီရာသီမှာ ပီအက်ဂျီ အတွက် ၁၀ ပွဲသာ ကစားခွင့် ရထားခဲ့ပြီး သွင်းဂိုး ကလည်း ၂ ဂိုးသာ ရရှိ ထားခဲ့ ပါတယ်။ တစ်ချိန်တည်း မှာပဲ ယူနိုက်တက် ဟာ ပရီးမီးယားလိိဂ် ပွဲစဉ် ၁၅ အပြီးမှာ ၅ ပွဲနိုင် ၆ ပွဲသရေ ၄ ပွဲရှုံးကာ ရမှတ် ၂၁ မှတ် ရရှိ ထားခဲ့ပြီး လာမည့် ရာသီ ချန်ပီယံလိဂ် မျှော်လင့်ချက် အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ လူးဝစ်ဆာဟာက မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဆိုးရှားကို ဆက်လက် ယုံကြည်မှု ပေးသင့်ပြီး ပိုချက်တီနို ဆိုရင်တောင် အိုးထရပ်ဖို့ဒ် မှာ ရုန်းကန် ရလိမ့်မယ်လို့ ဆိုသွား ပါတယ်။

ဆာဟာ က “မာရီစီယို ပိုချက်တီနို ဟာ ယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ ခန့်အပ်မှု ဖြစ်လာ မှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က ဘယ် မန်နေဂျာ မဆို ဒီလူစာရင်းနဲ့ ရလဒ်ကောင်းတွေ ရနိုင်ဖို့ ရုန်းကန် ရမှာ ဖြစ်ပါတယ်။ ဒ့ါကြောင့်လည်း ကျွန်တော် ကတော့ အိုလီဂန်နာ ဆိုးရှားဟာ ယူနိုက်တက် အတွက် အကောင်းဆုံးလူ ဖြစ်နေဆဲ ဖြစ်ပါတယ်။ သူဟာ ပြန်လည် တည်ဆောက် နေရတဲ့ အလုပ်ကို လုပ်နေ ရပါတယ်။ ဒီအသင်းကို တိုးတက်အောင် လုပ်ဖို့ ဆိုတာဟာ ထိပ်ဆုံး နေရာကို ပြန်ရောက်ဖို့ မဟုတ်သေး ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

SM