ဒီကနေ့ပွဲမှာ အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် ဟာ နောဝှစ်ချ် အသင်းနဲ့ ပွဲက လူစာရင်းကို သုံးနေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၄-၂-၃-၁ ကစားကွက် နဲ့ ပွဲထွက် လာခဲ့ပါတယ် ။ ဂိုးသမား နေရာမှာ လီနို ၊ နောက်တန်းမှာ ဘယ်လာရင် ၊ ဆိုကရက်တစ် ၊ ဒေးဗစ်လူးဝဇ် ၊ ကိုလာစီနက် တို့ကို အသုံးပြုလာခဲ့ပါတယ် ။

ကွင်းလယ်မှာတော့ ရှာကာ နဲ့ တော်ရီးယား တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ် တိုက်စစ် ကစားသမားတွေ အဖြစ် အူဘာမီယန်း ၊ ဝီးလော့ ၊ မီဆွတ် အိုဇေးလ် နဲ့ အထောင် တိုက်စစ်မှူး အဖြစ် လာကာဇက် ကို ပွဲထွက် ကစား စေခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဟာ နောဝှစ်ချ် စီးတီး အသင်းနဲ့ ပွဲတုန်းကလိုပဲ ပွဲအစ ၁၅ မိနစ်လောက်မှာသာ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး နောက်ပိုင်းမိနစ်တွေမှာ ဘရိုက်တန် အသင်းကတောင် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစားနိုင်ခဲ့ပါတယ် ။

ပွဲချိန် ၂၇ မိနစ်မှာ တော်ရီးယား ၊ လာကာဇက် ၊ ဝီးလော့ တို့ရဲ့ တွဲလုံး ကနေ တစ်ဆင့် အူဘာမီယန်း ဂိုးပေါက် ကန်သွင်းခွင့် ရရှိ ခဲ့ပေမယ့် တည့်မတ်ခဲ့ခြင်းတော့ မရှိပါဘူး ။ ပွဲချိန် ၃၆ မိနစ်မှာတော့ ဘရိုက်တန် အသင်း ဦးဆောင်ဂိုး ရရှိ သွားခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို အာဆင်နယ် နောက်ခံလူတွေ ရှင်းထုတ်ရာမှာ မသေသပ်တာကြောင့် နောက်ခံလူ ဝက်စတာ က ပိတ်သွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ် ။

ပွဲကစားချိန် မိနစ် ၄၀ မှာတော့ အူဘာမီယန်း ရဲ့ ညာခြမ်းကနေ ဖြတ်တင် ပေးပို့မှုကို ဝီးလော့ ခေါင်းတိုက် အဆုံးသတ်ခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမား မက်သရူး ရိုင်ယန် လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။ ပထမပိုင်း တစ်ပိုင်းလုံးမှာ အာဆင်နယ် အသင်းဟာ အဆိုပါ တစ်ကြိမ်သာ ဂိုးရဖို့ နီးစပ် ခဲ့တာလည်း ဖြစ်ပါတယ် ။

ပထမပိုင်းမှာ ဒီနေ့ပွဲမှာ ညာတောင်ပံမှာ ထွက် ကစားခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း ဟာ ဂိုးသွင်းဖို့ထက် အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနေရတာကြောင့် အာဆင်နယ် အသင်း ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ် ။ ဒါ့အပြင် ဝီးလော့ ၊ အိုဇေးလ် တို့ဟာလည်း တိုက်စစ်မှူး လာကာဇက် ကို ပံ့ပိုး ပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။

အထူးသဖြင့် ယွန်းဘတ် လက်အောက်မှာ နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး ဒီနေ့ပွဲ ပထမပိုင်းမှာလည်း No.10 role နေရာမှာ ကစားခဲ့တဲ့ ဝီးလော့ ဟာ ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိ နေတာကြောင့် အာဆင်နယ် အသင်း တိုက်စစ် ဂိုးရဖို့ အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။

 

ဒုတိယပိုင်းမှာ စစချင်းမှာပဲ ယွန်းဘတ် ဟာ ခြေစွမ်း မပြနိုင်တဲ့ ဝီးလော့ နေရာမှာ နီကိုလပ်စ် ပေပေ ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။ပွဲချိန် မိနစ် ၅၀ မှာတော့ အာဆင်နယ် အသင်း ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး အိုဇေးလ် ရဲ့ထောင့်ကန်ဘောကနေ ပေးပို့မှုကို တိုက်စစ်မှူး လာကာဇက် က ခေါင်းတိုက် သွင်းယူ သွားခဲ့တာပါ ။

လာကာဇက် အတွက်တော့ အာဆင်နယ် ကစားသမား ဘဝ ပွဲ ၁၀၀ ပြည့်မှာ ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး မြောက်လည်း ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာ ဘရိုက်တန် အသင်း ကစားအားကျ သွားတဲ့ အချိန် ပေပေကို ထည့်သွင်း ခဲ့တဲ့ ယွန်းဘတ်ရဲ့ လုပ်ရပ်ဟာ မှန်ကန်ခဲ့ပြီး အာဆင်နယ် တိုက်စစ် ပိုမို အသက်ဝင်လာခဲ့ပါတယ် ။

ပွဲချိန် ၆၄ မိနစ်မှာ အိုဇေးလ် ရဲ့ ပြစ်ဒဏ်ဘောကနေ လူးဝဇ် ဂိုးသွင်းခဲ့ပေမယ့် ဒိုင်လူကြီး ဂရေဟမ် စကော့ က VAR ပြန်ကြည့်ခဲ့ရာမှာ လူကျွံ နေတာကြောင့် ဂိုးအဖြစ် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ် ။ ဆက်တိုက်ဆိုသလိုပဲ ပေပေ ရဲ့ ပေးပို့မှုကနေ အူဘာမီယန်း အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ရပြန်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုး ရရှိဖို့ မာတီနယ်လီ ၊ တီယာနေး တို့ကို ထည့်သွင်း ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရရှိ သွားတာကတော့ ဧည့်သည် ဘရိုက်တန် အသင်းပါ ။ ပွဲချိန် မိနစ် ၈၀ မှာ အာရွှန်မွိုင်း ရဲ့ ပေးပို့မှု ကို တိုက်စစ်မှူး မောပေး က ဒီရာသီ သူ့ရဲ့ ငါးဂိုးမြောက် သွင်းဂိုး အဖြစ် ခေါင်းတိုက် သွင်းယူ သွားခဲ့တာပါ ။

ပွဲပြီးခါနီးမှာ မာတီနယ်လီ ရဲ့ ခေါင်းတိုက်ချက် ကောင်းမွန် ခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမား ရိုင်ယန် လက်စွမ်းပြ ကာကွယ် သွားခဲ့တာကြောင့် အာဆင်နယ် အသင်း ချေပဂိုး နဲ့ ဝေးကွာ သွားခဲ့ရပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ဘရိုက်တန် အသင်းကို ၁-၂ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ အထိ ရောက်ရှိ သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲ မရတာ နှစ်လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR