ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ ဘရိုက်တန် အသင်း ပွဲမှာတော့ အိမ်ရှင် အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ဘရိုက်တန် အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

ဘရိုက်တန် အသင်းဟာ အာဆင်နယ် အသင်းဘက်ကို အဖက်ဖက်က အသာစီး ရယူပြီထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့တာလည်း ဖြစ်ပါတယ် ။အာဆင်နယ် အသင်းအတွက်တော့ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲ မရတာ နှစ်လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက်တိုက် ဂိုးပေးထားရပြီး ခံစစ်ပိုင်း အားနည်းမှုကို မပြင်ဆင်နိုင်ရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့်ကော ယူရိုပါလိဂ် ဝင်ခွင့် အတွက်ပါ စိုးရိမ်ရတဲ့ အနေအထားပါ ။

(အာဆင်နယ် ၁-၂ ဘရိုက်တန် )ပွဲမှ အာဆင်နယ် ကစားသမားများရဲ့ rating ကို Sports Myanmar ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ် ။

လီနို (၆) – သူ့ရှေ့မှာ ဆိုကရက်တစ် ၊ လူးဝဇ် တို့လို နောက်တန်း ကစားသမား​တွေ ရှိနေတာဟာ လီနို အတွက် အိပ်မက်ဆိုးလို့ ဆိုရမှာ ဖြစ်ပြီး သူ့ရဲ့ ကာကွယ်မှုတွေဟာ အသင်း ရှုံးပွဲ မကြုံတွေ့ဖို့ လုံလောက်ခဲ့ခြင်း မရှိပါဘူး ။

ဘယ်လာရင် (၄) – ဒဏ်ရာကနေ ပြန်လည် သက်သာလာကတည်းက ပုံမှန် ခြေစွမ်း ပြန်မရသေးတဲ့ ဘယ်လာရင် ဟာ ဒီနေ့ပွဲမှာ တိုက်စစ်ကော ခံစစ် အတွက်ကော အားကိုးခဲ့ရခြင်း မရှိပါဘူး ။

ဆိုကရက်တစ် (၃) – ဘရိုက်တန် အသင်း ရရှိ သွားတဲ့ ဦးဆောင်ဂိုးဟာ သူ့ရဲ့ အမှားနဲ့ လုံးဝ မကင်းခဲ့ဘဲ တစ်ဖက် အသင်း တိုက်စစ် ကစားသမားတွေကို တားဆီးရာမှာလည်း လေးလံ နှေးကွေး နေခဲ့ပါတယ် ။

ဒေးဗစ်လူးဝဇ် (၄) – ဒေးဗစ်လူးဝဇ် ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး ဒီ​နေ့ပွဲမှာလည်း သူ့ရဲ့ ပွဲအပေါ် အာရုံ စူးစိုက်မှု အားနည်းမှု နဲ့ ပေါ့ပျက်ပျက်နိုင်တဲ့ ကစားဟန်ကို ထပ်မံ မြင်တွေ့ခဲ့ရပါတယ် ။

ကိုလာစီနက်(၅) – အာဆင်နယ် အသင်းနောက်တန်းရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောလို့ ရပေမယ့် သူ့ရဲ့ ဖြတ်တင်ဘောတွေကတော့ ထိရောက်မှု အားနည်းခဲ့ပါတယ် ။

ရှာကာ(၆) – ဘရိုက်တန် အသင်း ကွင်းလယ်ကို ယှဉ် ကစားဖို့ ကြိုးစားခဲ့ပေမယ့် အရာထင်ခဲ့ခြင်း မရှိဘဲ ဖျက်ထုတ်မှု တစ်ချို့တော့ ပြုလုပ် နိုင်ခဲ့ပါတယ် ။

တော်ရီးယား ( ၅ ) – တော်ရီးယား ဟာ အာဆင်နယ် အသင်း နောက်တန်းကို ကာဗာ ပေးနိုင်ခဲ့ခြင်း မရှိဘဲ ဂိုးပေါက် ကန်သွင်းခွင့်တွေ အလွယ်တကူ ခွင့်ပြု ခဲ့ရပါတယ် ။

အူဘာမီယန်း (၅) – အူဘာမီယန်း ဟာ ပထမပိုင်းမှာ တိုက်စစ်ကော ခံစစ်ကိုပါ လိုက်လံ ကစားပေးခဲ့ရပြီး အပိုင် ကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးချ နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

 

ဝီးလောခ့်(၄) – ပွဲအစပိုင်းမှာ ခြေစွမ်း​ပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန် ခြေစွမ်းအောက် ရောက်သွားခဲ့ပြီး ဒုတိယပိုင်းမှာ စစချင်းမှာပဲ လူစားလဲ ခံခဲ့ရပါတယ် ။

အိုဇေးလ် (၅) – သူ့ရဲ့ တည်ကန်ဘောတွေဟာ ထိရောက်မှု ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာ အိုဇေးလ် အစစ်အမှန်ကို မြင်တွေ့ ခဲ့ရခြင်း မရှိပါဘူး ။

လာကာဇက် ( ၅)- အာဆင်နယ် အတွက် ချေပဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့တာကလွဲရင် ထွေထွေထူးထူး ဘာမှ လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး ။

လူစားဝင် ကစားသမားများ – နီကိုလပ်စ် ပေပေ ( ၇ )၊ တီယာနေး (၅) ၊ မာတီနယ်လီ(၆ ) ။

SPORTS MYANMAR