ယနေ့ နံနက် အစော ပိုင်းမှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘရိုက်တန် အသင်းက အာဆင်နယ် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အမ်းမရိတ်မှာကစားခဲ့ရပေမယ့်အာဆင်နယ် ယာယီ နည်းပြ ယွန်းဘတ် အတွက်တော့ မျက်နှာပန်း မလှခဲ့ရပြန်တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေခဲ့ လို့ နည်းပြ အမ်မရီ ကိုထုတ်ပယ် ထားခဲ့ပြီး ကစား သမား ဟောင်း တဦးဖြစ်တဲ့ ယွန်းဘတ် ကို ယာယီတာဝန်ပေးထားတာဖြစ်ပါတယ်။ဒါပေမယ့် ၂ ပွဲကစား အပြီးမှာ ထူးထူးခြားခြားတိုးတက်မလာခဲ့သေးတာဖြစ်ပါတယ်။

ယွန်းဘတ် ရဲ့ ပထမဆုံး ပွဲမှာ အာဆင်နယ် အသင်းဟာ တန်းတက် နော့ဝှစ်ချ် အသင်းကို ၂ဂိုးစီ သရေ သာကစားထား နိုင် ခဲ့တာဖြစ်ပြီး အခုပွဲမှာလည်း အသင်း ငယ်လေး တသင်းဖြစ်တဲ့ ဘရိုက်တန်ကို အရေး နိမ့်ခဲ့ လို့ အဆင့် ၁၀ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ညာနောက်ခံလူ နေရာမှာ ပြန်ပြီး ပွဲထွက် လာခဲ့တဲ့ ဘယ်လာရင် ကတော့ အခုရှုံး ပွဲအတွက် ပြောစရာ စကားလုံး တောင်ပျောက်ရှ နေပုံ ပါပဲ။ဘာလုပ်လုပ် အဆင်ပြေပြေ ဖြစ် မလာခဲ့ ဘူးလို့ သူက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

ပွဲအပြီး Amazon နဲ့ အင်တာဗျူးမှာ ဘယ်လာရင်က – ” ဘာပြောရမှန်းတောင် မသိတော့ပါဘူး ဗျာ။ ကျွန်တော် အခု ခံစား နေရ တာကတော့ ဘာ လုပ်လုပ် အဆင်ပြေပြေ ဖြစ်မနေ ခဲ့ ဖူးဆိုတဲ့ ခံစား ချက်မျိုး ဖြစ်ပါတယ်။ကျွန်တော်တို့ အသင်းဟာ အကောင်းဆုံး ပေးဆပ် ကြိုးစားသွား ခဲ့ကြ ပြီး အခွင့် အရေး တွေ လည်းဖန်တီးနိုင် ခဲ့ကြပါတယ်။ခံစစ် ကစားပုံလည်း ကောင်းမွန် ခဲ့ကြပါတယ်။ဒါပေမယ့် ကျွန်တော်တို့က ရတဲ့ အခွင့်အရေးတိုင်းကို ဂိုးသွင်းနိုင်ဖို့ လိုအပ်နေပုံရပြီး ပြိုင်ဘက်တွေကတော့ ကျွန်တော်တို့နဲ့ ပွဲမှာ အခွင့်အရေးတိုင်းကို ဂိုးအဖြစ်ပြောင်းနိုင်ခဲ့ကြပါတယ်။

ကျွန်တော့် မှာပြော ပြစရာ စကားလုံးတွေ တောင် ပျောက်ဆုံးနေပါပြီ။ကစား သမားတိုင်းကတော့ သူတို့ရဲ့ ရာနှုန်းပြည့် ကြိုးစားအားထုတ်မှုနဲ့ ပေးစွမ်းခဲ့ကြတာပါပဲ။ကျွန်တော်တို့ ဟာ ကွင်းအတွင်း ကို ရောက်လာချိန်မှာ ဆိုရင်အနိုင်လိုချင်ကြပြီး နိုင်အောင်လည်းအကောင်းဆုံးပေးဆပ်လေ့ရှိကြပါတယ်။

ကျွန်တော်တို့ အသင်းဟာ အင်အား အားပြည့် ရှိနေတယ် လို့ ခံစားနေရ ပါလျက် နဲ့ ရှံုး ပွဲကြံုတွေ့လိုက်ရတာဖြစ် လို့ အတော်လေးကို ခံရခက်ခဲပါတယ်။ကျွန်တော်တို့ အနေနဲ့ ရှေ့ဆက် သွားရပါဦးမယ်။ရလဒ်ကောင်းတွေ ထွက်လာ မယ်ဆိုတာတော့ ရာနှုန်းပြည့် ကျိန်သေပြောရဲပါတယ်။

ဘောလုံး လောက ဆိုတာ တခါတလေ မှာတော့ တကယ့် ပြင်ပ လူနေမှု ဘဝ နဲ့ ဆင်တူပါတယ်။အနိမ့် အမြင့်အတက်ကျတွေကိုကြံုတွေ့ ကျော်ဖြတ်ရတာဖြစ်ပါတယ်။ကျွန်တော်ဆိုရင် ဒီအသင်းမှာဆုဖလားတွေ ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်ပြီး ကောင်းတဲ့ ရာသီတွေကော ဆိုးတဲ့ရာသီတွေပါဖြတ်သန်းထားခဲ့ပြီးပါပြီ။နည်းပြ ကြီး ဖရက်ဒီ ( ယွန်းဘတ် ) ကလည်း အခုအပတ် အတွင်းမှာ အသင်း ကို အများကြီး အကူအညီ ပေးထားခဲ့ပါတယ်။သူဟာ အသင်းရဲ့ အဝတ်လဲခန်း အတွင်း မှာလည်း ခွန်အားတွေ အများကြီးဖြစ်စေ ခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယွန်းဘတ် အတွက်တော့ ပွဲကျပ် တွေကဆက်တိုက် စောင့်ကြိုနေတာဖြစ်ပြီး လာမယ့်ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလည်း စတန်းဒက်လိဂ် နဲ့ ယူရိုပါလိဂ် အဆုံးအဖြတ်ပွဲစဉ်ကို အဝေးကွင်းမှာသွားကစားရမှာဖြစ်ပါတယ်။

SPORTS MYANMAR