ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ အက်စတွန် ဗီလာ အသင်း နဲ့ ပွဲစဉ် မှာ အသင်း အတွက် အဖိုးတန် အနိုင်ဂိုး ကို အေဘရာဟမ် ရင်ဘတ် နဲ့ ချပေးတာမှ တဆင့် မြေမကျ volley အပြင်း ကန်သွင်းကာ အဆုံးသတ် ခဲ့ပါတယ် ။ မေဆင်မောင့် ဟာ ယင်း သွင်းဂိုး ကြောင့် အောက်တိုဘာ လ နောက်ပိုင်း ဂိုးပေါက် ပျောက်ဆုံးနေမှု ကို လှပစွာ အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီလို တမ်မီ အေဘရာဟမ် နဲ့ ၄င်း ရဲ့ အကြား အပေးအယူ မျှတမှု နဲ့ ပတ်သက်ပြီး မေဆင်မောင့် က ပွဲပြီး ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ” ကျွန်တော် တို့ဟာ ဒုတိယပိုင်း မစတင်မီ ဥမင် ထဲမှာ ဒီလို အချိတ်အဆက် မျိုး နဲ့ ဂိုးသွင်း နိုင်ဖို့ အတွက် ဆွေးနွေး ခဲ့ကြပါတယ် ။ အကယ်၍ ဘောလုံး က တမ်မီ ဆီ ရောက်လာတဲ့ အခါ ၊ သူလည်း ဂိုးသွင်းဖို့ အဆင်မပြေ တဲ့ အခါ ကျွန်တော့ ကို ဂိုးဖန်ပေးမယ့် အကြောင်း ပြောခဲ့ ကြတာပါ ။ ”

” ကျွန်တော် တို့ ဆွေးနွေး ခဲ့ကြတဲ့ အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပြီး ၊ ကျွန်တော် ကိုယ်တိုင် လည်း ဒီ ဂိုးအတွက် အတော်လေး စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင် ခဲ့မိပါတယ် ။ ကျွန်တော့ အတွက် ကတော့ တမ်မီ ရင်ဘတ် နဲ့ ထိန်းပြီး ချပေးတဲ့ အလုံး ဟာ အတော်လေး ပြီးပြည့်စုံ တဲ့ အနေအထား တခု လို့ ဆိုရမှာပါ ။ ဘောလုံး ပြန်ကျလာတဲ့ အရှိန် ၊ ဘောလုံး နဲ့ ကန်မယ့် ခြေထောက် ကြား အကွာအဝေး ၊ ချိန်သားကိုက် ကန်သွင်းနိုင်မှု စတာတွေ အကုန် တချိန်တည်း မှာ အချက်ကျကျ ဖြစ်ပေါ် ခဲ့တာပါ ။ ”

” ဒီလို အနေအထား မျိုးမှာ ခင်ဗျား အနေနဲ့ ဂိုးသမား မဖမ်းနိုင်အောင် လည်း လျှပ်တပြတ် ကန်ပြနိုင်ဖို့ လိုပါသေးတယ် ။ ဟိသ်စ် ( ဟီတန် ) ဟာ တကယ် တော်တဲ့ ဂိုးသမား တဦး ဖြစ်ပါတယ် ။ သူ့ အနား ကို ကပ်လာသမျှ ကန်ချက် တွေ အားလုံး ကို သူ ကာကွယ်ဖို့ အမြဲ အသင့်ရှိနေသူပါ ။ အဲ့ဒီတော့ ကျွန်တော် ဟာ Volley ကန်ချက် ကို သူနဲ့ ဝေးနိုင်သမျှ ဝေးအောင် ကန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ”

” ကျွန်တော် တွက်ချက် ထားတဲ့ အတိုင်းပဲ ဘောလုံး ဟာ အရှိန် ပြင်းပြင်း နဲ့ အပေါ် အတွင်း ဖက်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ် ။ ဒီနေရာ ဟာ ဂိုးသမား တွေ အတွက် ဖမ်းရခက်တဲ့ နေရာမျိုး ဖြစ်ပါတယ် ။ ကျွန်တော့ အတွက် ဒီနေ့ ပွဲမတိုင်မီ အထိ ဂိုးလည်း မရ ၊ ဂိုးဖန်တီးမှု လည်း မရှိခဲ့တာ ၅ပွဲ ၊ ၆ပွဲ လောက် ရှိခဲ့ပါတယ် ။ ဒီ ဖိအား ကို ဒီနေ့ ပွဲမှာ ဂိုးရအောင် အသုံးချပြီး ၊ အသင်း အတွက် ကူညီပေးဖို့ ကျွန်တော် ကြိုးစား ခဲ့ပါတယ် ။ ”

” ခင်ဗျား အနေနဲ့ ဂိုးမရတာ အချိန် အတော် ကြာလာတဲ့ အခါ ၊ အရမ်း ခက်ခဲတဲ့ အခိုက်အတန့် တွေကို ကျော်ဖြတ် ရလေ့ ရှိပါတယ် ။ ဒါကြောင့်မို့ ဒီနေ့ ပွဲက သွင်းဂိုး ဟာ ကျွန်တော့ ရဲ့ ယုံကြည်မှု ကို ပြန်လည် မြှင့်တင် ပေးခဲ့တာ ဖြစ်သလို ၊ ဒီ ပုံစံ အတိုင်း ကျွန်တော် ဆက်လက် စွမ်းဆောင် ပေးနိုင်ဖို့ ကိုလည်း မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကလည်း မေဆင်မောင့် ရဲ့ Volley သွင်းဂိုး နဲ့ ပတ်သက်ပြီး ” မေဆင် ရဲ့ ခြေစွမ်း ကို ကျွန်တော် တို့တွေ သွင်းဂိုး အရေအတွက် နဲ့ တိုင်းတာ လို့ မဖြစ်ပါဘူး ။ ကျွန်တော် တို့ဟာ နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ တွေကို ဖြတ်ကျော် ခဲ့ရတယ် ၊ ဒီ ကြားထဲမှာ မေဆင် ပွဲထွက်ခွင့် မရခဲ့တဲ့ အခိုက်အတန့် တွေလည်း ရှိခဲ့ပါတယ် ။ ဒါကြောင့်မို့ သူ ဂိုးမရနေခဲ့တာ ကို ကျွန်တော် တို့ အပြစ်မမြင် သင့်ပါဘူး ။ ”

” ဒါပေမယ့် သွင်းဂိုး တွေဟာ သူ့ရဲ့ စွမ်းဆောင်ရည် တစိတ်တပိုင်း ပါပဲ ။ ဒီနေ့ ပွဲမှာ သူ့ရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် တွေက အားလုံး မျှော်မှန်း ထားကြတဲ့ အတိုင်း ဖြစ်မယ် လို့ ထင်ပါတယ် ။ ဒါဟာ သူ့ရဲ့ သွင်းဂိုး ကြောင့် မဟုတ်ပါဘူး ။ သူဟာ ပြိုင်ဖက် ရဲ့ ဂိုးဧရိယာ မှာ အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ဖြစ်ပါတယ် ။ အသင်းဖော် တွေနဲ့ ချိတ်ဆက်မှု ၊ ပြိုင်ဖက် တွေဆီကနေ ဘောလုံး ဖျက်ယူနိုင်တဲ့ အပိုင်း တွေမှာလည်း အတော်လေး အားရစရာ ကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR