ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ အက်စတွန် ဗီလာ အသင်း ကို ၂ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ကိုယ်တိုင် ဂိုးတဂိုး သွင်းခဲ့သလို ၊ မေဆင်မောင့် ရဲ့ သွင်းဂိုး ကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ အခု အခါမှာတော့ အေဘရာဟမ် ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ဂိုး အထိ ရှိလာကာ ၊ ဂိုးသွင်း အများဆုံး ကစားသမား စာရင်း ကို ဦးဆောင် ထားတဲ့ လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီ ရဲ့ အနောက် ၃ဂိုး အကွာမှာ ရပ်တည် နေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ကတော့ ၄င်းရဲ့ အသင်းဖော် အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ရွှေဖိနပ် ဆု အတွက် ဂျေမီ ဗာဒီ ကို စိန်ခေါ် နိုင်မယ် လို့ ယုံကြည်ကြောင်း Goal နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” တမ်မီ ဟာ အခု ထက် ပိုပြီး ခြေစွမ်း တိုးတက်လာဖို့ အလားအလာကောင်း တွေ ပိုင်ဆိုင် ထားပါတယ် ။ ကျွန်တော် တို့ဟာ အခုမှ ဒီဇင်ဘာလ အတွင်း မှာပဲ ရှိသေးပြီး ၊ ပွဲတွေ အများကြီး ကစားရဦးမယ် ဆိုတာ သိထားပါတယ် ။ ဒါပေမယ့် တမ်မီ ရဲ့ သွင်းဂိုး ဆာလောင်စိတ် ၊ အာရုံစိုက်မှု နဲ့ ပေးဆပ်မှု တွေကြောင့် ထိပ်ဆုံး အဆင့် အထိ ရောက်ရှိဖို့ စွမ်းဆောင်နိုုင်မယ် ဆိုတာ သေချာပါတယ် ။ ”

” တမ်မီ ဟာ နောက်ထပ် ဂိုးများစွာ သွင်းနိုင်ဦးမယ် လို့လည်း ကျွန်တော် ယုံကြည်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီနှစ် ဘောလုံး ရာသီ အစ ကတည်းက သူ့ရဲ့ ကြိုးစားမှု နဲ့ တဖြည်းဖြည်း ခြေစွမ်း တိုးတက်လာမှု တွေကြောင့်ပါ ။ သူဟာ ကိုယ်တိုင် ဂိုးတွေ သွင်းယူ ပေးရုံ သာမက ၊ အသင်းလိုက် ကစားဟန် မှှာလည်း လိုက်ပါ စီးမျော ကစားနိုင်သူ ဖြစ်ပါတယ် ။ ”

” အသင်း အတွက် ဘောလုံး လိုက်ဖျက်ယူတယ် ၊ ဘောလုံး လမ်းကြောင်း ဖော်ပေးတယ် ၊ လိုအပ်ရင် ကိုယ့် အသင်း ရဲ့ ခံစစ် အထိ ဆင်းကူ ပေးတတ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ဒါတွေဟာ တမ်မီ ရဲ့ အံ့သြဖွယ် စွမ်းဆောင်ရည် နဲ့ ကြိုးစား အားထုတ်မှု တွေ ဖြစ်ပါတယ် ။ ဗီလာ နဲ့ ပွဲမှာ သူဟာ ဂိုးသွင်း နိုင်ခဲ့တဲ့ အပြင် ဂိုးလည်း ဖန်တီး နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ ကြိုးစား အားထုတ်ချင်စိတ် က အံ့သြစရာ ကောင်းလွန်းပါတယ် ။ ”

” ကျွန်တော် ဟာ တမ်မီ ရဲ့ သွင်းဂိုး တွေကို အရေအတွက် တခု အနေနဲ့ လိုက်ပြီး ကြည့်နေမှာ မဟုတ်ပါဘူး ။ သူဟာ သွင်းဂိုး တွေ သွင်းယူ ပေးတာထက် ပိုပြီး စွမ်းဆောင် ပေးနိုင်တဲ့ ကစားသမားမျိုးပါ ။ ဒဏ်ရာ ရနေတဲ့ အချိန် မှာတောင် အသင်း အတွက် တတ်နိုင်သလောက် အမြန်ဆုံး ပြန်ကစား ပေးနိုင်ဖို့ ကြိုးစား နေတတ်သူပါ ။ နောက်ပြီး ဗီလာ နဲ့ ပွဲမှာ ကျွန်တော် သူ့ကို အရမ်း ပါစေချင်ခဲ့တာပါ ။ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ က သူဟာ ဗီလာ အသင်း မှာ အငှား ကစားခဲ့ပြီး ခြေစွမ်း ပြခဲ့တာကြောင့် ၊ ဒီ အသင်း နဲ့ ပြန်လည် ရင်ဆိုင်ရမှာ က သူ့ အတွက် ထူးခြားတဲ့ အခိုက်အတန့် နဲ့ ခံစားချက် တွေကို ပေးစေမှာ သေချာပါတယ် ။ ဗီလာ နဲ့ ပွဲက စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ အတွက် ပျော်ရွှင် မိပါတယ် ။ ထုံးစံ အတိုင်း သူ့ရဲ့ အရည်အသွေးကောင်း တွေကို ထုတ်ပြခဲ့ပြီး ၊ ဂိုးတဂိုး နဲ့ ဂိုးဖန်တီးမှု တကြိမ် လုပ်ပေး နိုင်ခဲ့ပါတယ် ။ ”

” တမ်မီ ဟာ ကျွန်တော် တို့ အတွက် အဓိက သော့ချက် ကစားသမား တဦးပါ ။ ဒီနှစ် ဘောလုံး ရာသီ မစမီ ရာသီကြို ခြေစမ်း ခရီးစဉ် မှာ ကတည်းက ၊ သူဟာ ကျွန်တော် တို့ အသင်း အတွက် အဓိက တိုက်စစ်မှူး ဖြစ်လာနိုင်တယ် ဆိုတာ သက်သေ ပြခဲ့ပြီးသားပါ ။ အခုလို အကယ်ဒမီ ကနေ တဆင့် စီနီယာ အသင်း မှာ နေရာ ရဖို့ ဆိုတာ သူ့ရဲ့ အိပ်မက် ဖြစ်ပါတယ် ။ သူ့ရဲ့ အိပ်မက် တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီး အသင်း မှာ အခွင့်အရေး တွေ ရခဲ့ပါတယ် ။ ”

” ဒီ အခွင့်အရေး တွေကို သူ အပြည့်အဝ အသုံးချ နေခဲ့တာ ဖြစ်ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ ဗာဒီ ဟာ သွင်းဂိုး အများအပြား သွင်းယူပြီး အ့ံသြစရာ ကောင်းတဲ့ ခြေစွမ်းမျိုး ပြသ နေပါတယ် ။ တမ်မီ ကတော့ သူ့ရဲ့ အနောက် က ဂိုးအများဆုံး သွင်းယူ ထားသူပါ ။ အကယ်၍ သူဟာ ဗာဒီ ကို ကျော်ဖြတ်ခဲ့မယ် ဆိုရင် ရွှေဖိနပ်ဆု ဟာ သူနဲ့ သေချာပေါက် ထိုက်တန် လို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR