ဂန်းနား နောက်ခံလူ တိုနီအဒမ် က ဘရိုက်တန် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းသားတွေရဲ့ စိတ်ဓတ် ကြံ့ခိုင်မှုကို မေးခွန်းထုတ်လိုက်ပြီး ကစားသမားတွေဟာ ပွဲအစကတည်းက အရှုံးရလဒ်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြတဲ့ ပုံပေါက်နေကြောင်း ဝေဖန် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ယနေ့ နံနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) မှာ ဘရိုက်တန် အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ပထမဆုံး အိမ်ကွင်း ရှုံးပွဲ နဲ့ ကြုံတွေ့ သွား ခဲ့ ရ ပါ တယ် ။

အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲ မရတာ နှစ်လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဘရိုက်တန် နဲ့ ပွဲအပြီးမှာလည်း အာဆင်နယ် အသင်းသားတွေဟာ အချင်းချင်း သဘောထား ကွဲလွဲနေခဲ့ကြပြီး ပရိသတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းမှာ ၁၄ နှစ်ကြာ ကစားခဲ့ပြီး ဂန်းနား ခေါင်းဆောင်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့ တိုနီအဒမ် က လက်ရှိ အသင်းမှာ အဝတ်လဲခန်း အတွင်း ကစားသမားတွေကို ဦးဆောင်နိုင်တဲ့သူ ပျောက်ဆုံး နေကြောင်း ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

” အာဆင်နယ် မှာ ကွင်းတွင်း ကွင်းပြင်ပ ရဲရဲရင့်ရင့် ဦးဆောင်နိုင်မယ့်သူ လိုအပ်နေတာပါ ၊ အသင်းမှာ ပွဲမစခင် စိတ်ဓတ် တက်ကြွအောင် ပြောဆို ကြိမ်းမောင်းမယ့်သူ ပျောက်ဆုံးနေပါတယ် ၊ အမှားတစ်ခု လုပ်မိတာနဲ့ သူတို့တွေ ကစားပုံ ပျက်သွားတာပါပဲ ၊ တကယ့်ကို ပျော့ညံ့လွန်းပါတယ် ။ ”

” ကျနော်သာ နည်းပြ ဆိုရင် သူတို့ အားလုံးကို ‘ ငါ့ကို ကြောက်ရမှာထက် ပွဲထဲမှာ ယုံကြည်မှု ပျောက်ဆုံး သွားမှာကို ကြောက်သင့်တာလို့ ပြောမှာပါ ‘ ၊ သူတို့က ပွဲကို ဦးဆောင် ကစားဖို့ထက် ပြိုင်ဘက်ကို ဦးဆောင်မှု မပေးရအောင် ကစားနေတဲ့ ပုံပေါက်နေပါတယ် ။ ”

” တကယ်ဆို ကွင်းထဲ ဝင်ပြီတာဆိုတာနဲ့ ‘ ငါတို့ အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်း ၊ ငါတို့ကလည်း ကစားသမားကောင်းတွေဆိုတာ အားလုံး သိအောင် သက်သေပြမယ် ‘ ဆိုပြီး အပြု သဘောဆောင်တဲ့ စိတ်ဓတ် နဲ့ ကစားရမှာပါ ။ ”

” ကျနော်တို့ ကစားတုန်းကဆိုလည်း ပထမပိုင်းမှာ ပွဲကို ဦးဆောင်ထားနိုင်ခြင်း မရှိတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု နဲ့ ရင်ဆိုင်ရတာပါပဲ ၊ သူတို့က အသင်းအပေါ် အများကြီး မျှော်လင့်ချက် ထားထားကြတာပါ ၊ သူတို့ မျှော်လင့်ချက်တွေ လက်တွေ့ ဖြစ်လာတဲ့ အခါမှာ ပေါက်ကွဲလေ့ ရှိကြတာပါပဲ ။ ”

” ကျနော့်အတွက်တော့ ကိုယ်က အာဆင်နယ် အသင်းကို ကိုယ်စားပြု ကစားနေတယ် ဆိုရင် ကိုယ်က ဒီအသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားရမှာပါ ၊ အခု အသင်းမှာ အဲ့လို ပေးဆပ် ကစားတဲ့သူ များများစားစား မရှိပါဘူး ။ ”

” အားလုံးက ကိုယ့်ကိုယ်ကိုထက် တခြားသူကို အပြစ်ဖို့ချင်ကြတဲ့ ပုံပေါက်နေပါတယ် ။ ပရိသတ်တွေ ဆီက အားပေးမှု လိုချင်ရင်တော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ပြ နိုင်မှပဲ သူတို့ကလည်း အားပေး ချင်ကြမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR