ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ အက်စတွန် ဗီလာ အသင်း ကို အနိုင် ရခဲ့ပေမယ့် ၊ ပေးဂိုး တဂိုး ခွင့်ပြု ခဲ့ရကာ ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် Clean Sheet ပျောက်ဆုံး နေခဲ့တာ ကို တွေ့ရပါတယ် ။ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ မန်နေဂျာသစ် ဖရန့် လမ်းပတ် လက်ထက် မှာ တိုက်စစ်ပိုင်း က သိသိသာသာ တိုးတက် ကောင်းမွန် လာပေမယ့် ခံစစ်ပိုင်း ကတော့ အခုထိ လိုအပ်ချက် တွေ ရှိနေဆဲ ဖြစ်ပါတယ် ။

ရာသီ အစောပိုင်း ကာလ ကလောက် ခံစစ် က ကစားပုံ အရမ်းကြီး မဆိုးရွား နေပေမယ့် ၊ မလိုအပ်တဲ့ အနေအထား ၊ အသေးအဖွဲ အမှား တွေကနေ တဆင့် ချယ်လ်ဆီး တို့ ပေးဂိုး တွေ ခွင့်ပြု နေရဆဲ ဖြစ်ပါတယ် ။ ယခု ဒီဇင်ဘာ လ အတွင်း မှာ Boxing day ပွဲစဉ် တွေ အပါအဝင် ၊ ပွဲဆက် များစွာ ကစားဖို့ ရှိနေတာကြောင့် ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် ဘယ်လောက် ထိ တောင့်ခံနိုင်မှာလဲ ဆိုတာ မေးခွန်း အကြီးကြီး ထုတ်ရတော့မှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ကတော့ လက်ရှိ အသင်း ရဲ့ ခံစစ် က ပေးဂိုး တွေ မကြာခဏ ခွင့်ပြု နေရခြင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့ဟာ ဒီရာသီ မှာ ပေးဂိုး တွေ အများကြီး ပေးထားရတာကြောင့် အခု အချိန် ထိ ဒီ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကို တိုးတက်အောင် နေ့စဉ် ကြိုးစား နေရတာ ဖြစ်ပါတယ် ။ ဗီလာ နဲ့ ပွဲမှာ ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကို ပိုပြီး ခက်ခဲတဲ့ အနေအထား ကို တွန်းပို့ ခဲ့ကြပါတယ် ။ ”

” ပထမပိုင်း မှာ ကျွန်တော် တို့သာ ဂိုးမပေး ခဲ့ရပဲ ၊ ၁ – ၀ ရလဒ် နဲ့ ဦးဆောင် နေခဲ့မယ် ဆိုရင် ၊ ဒုတိယပိုင်း မှာ ကျွန်တော် တို့ အနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် တိုက်စစ် ဖွင့်ဆော့ လို့ ရမှာ ဖြစ်ပါတယ် ။ ဝက်စ်ဟမ်း နဲ့ ပွဲတုန်း ကလည်း ကျွန်တော် တို့သာ ဒုတိယပိုင်း အစောပိုင်း မိနစ် မှာ ဂိုးမပေး ခဲ့ရဘူး ဆိုရင် ၊ လက်ကျန် ပွဲချိန် တွေမှာ တဂိုးလောက် သွင်းပြီး အနိုင် ၃မှတ် ရခဲ့မှာ ဖြစ်ပါတယ် ။ ”

” International break မတိုင်မီ က ပဲလေ့စ် နဲ့ ပွဲမှာ ကျွန်တော် တို့ဟာ ကစားပုံ မကောင်း ခဲ့ပေမယ့် ၊ ခံစစ် လုံခဲ့တာကြောင့် ၂ – ၀ ရလဒ် နဲ့ နိုင်ခဲ့ပါတယ် ။ ခံစစ် စွမ်းဆောင်ရည် ဟာ ဘောလုံး ရာသီ တခု အတွင်း ကိုယ့် အသင်း ရဲ့ အခြေအနေ တွေကို ကောင်းကောင်း အဆုံးအဖြတ် ပေးနိုင်တာကြောင့် မဖြစ်မနေ တိုးတက်အောင် ပြင်ဆင် ဖို့ လိုပါတယ် ။ တဖက် မှာ ကျွန်တော် တို့ရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် မှာတော့ ကျေနပ်စရာ ကောင်းနေပါတယ် ။ ”

” ကျွန်တော် တို့ဟာ ပွဲစဉ်တိုင်း လိုလို မှာ မြောက်မြားစွာသော ဂိုးသွင်းခွင့် တွေကိ ဖန်တီး နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့သာ ဂိုးသွင်း အဆုံးသတ် တိကျဖို့ ၊ ပိုကောင်းခဲ့မယ် ဆိုရင် နောက်ထပ် အဖိုးတန် ရမှတ် တွေ ထပ်ပြီး ရခဲ့မှာပါ ။ ခင်ဗျား အနေနဲ့ ပထမပိုင်း မှာပဲ ၃ဂိုး သွင်းပြီး ပွဲတိိုင်း ကို လွယ်လွယ်ကူကူ နဲ့ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး ။ တခါတလေ ကျရင် ရလဒ်ကောင်း ထွက်ပေါ်ဖို့ အတွက် စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းပြီး ကြိုးစား ရတတ်ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ဗီလာ နဲ့ ပွဲရဲ့ ပထမပိုင်း မှာ တဖက် တဂိုးစီ သရေ ရလဒ်သာ ရခဲ့ပေမယ့် ၊ ပထမပိုင်း မှာတင် အနိုင်ရဖို့ ထိုက်တန် ခဲ့ပါတယ် ။ ချေပဂိုး ပေးခဲ့ရပြီးနောက် ၊ ဒုတိယပိုင်း ပြန်အစ မှာ အသင်းသား တွေရဲ့ တုန့်ပြန်ပုံ က အရမ်း ကောင်းခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ပြိုင်ဖက် ကို ဒုတိယပိုင်း တလျှောက်လုံး ဖိအား ပေးနိုင်ခဲ့ပါတယ် ။ အနိုင် ရလဒ် က ကျဉ်းမြောင်း ခဲ့ပေမယ့် ကျွန်တော် တို့ဟာ အခွင့်အရေး အများအပြား ဖန်တီး နိုင်ခဲ့ပါတယ် ။ ”

” လက်ကျန် ပွဲချိန် မိနစ် တွေကို အေးအေးဆေးဆေး ကစားနိုင်ဖို့ အတွက် ၊ ပွဲကို အဆုံးသတ် နိုင်မယ့် ဂိုးသွင်း စွမ်းရည် တွေသာ လိုအပ် ပါတော့တယ် ။ ကျွန်တော် တို့ဟာ ရှေ့က ၃ပွဲ မှာ နိုင်ပွဲ ပျောက်ခဲ့ပါတယ် ။ ဝက်စ်ဟမ်း နဲ့ ပွဲဟာ ကျွန်တော် တို့ အတွက် ပွဲကောင်း မဖြစ်ခဲ့သလို ၊ ရလဒ်ကောင်း လည်း မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် တို့ဟာ ပြိုင်ဖက်ကောင်း တသင်း နံ့ ရင်ဆိုင် ခဲ့ရတာ ဖြစ်ပြီး ပွဲပြီးတဲ့ အထိ ခုခံ ခဲ့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဗီလာ နဲ့ ပွဲက ၃မှတ် ကတော့ အခုအချိန် မှာ အရေးကြီးဆုံး အရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR