ဘရိုက်တန် အသင်း နောက်ခံလူ လီဝစ်ဒန့်က အမ်းမရိတ်မှာ အာဆင်နယ် အသင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့တာဟာ အိမ်ရှင် ပရိသတ်တွေကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

လီဝစ်ဒန့် က သူတို့ ဦးဆောင်ဂိုး စတင် ရသွားတဲ့ အချိန်မှာ အာဆင်နယ် အသင်း ပရိသတ်တွေဟာ ကိုယ့်ကစားသမားတွေကို လှောင်ပြောင် အော်ဟစ် ကြတာကြောင့် ကစားသမားတွေဟာ ဖိအားများပြီး အမှားတွေ ပိုလုပ်မိလာကြတယ်လို့ ဆိုပါတယ် ။

ဘရိုက်တန် အသင်းဟာ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် အာဆင်နယ် အသင်းကို အဖက်ဖက်က အသာစီး ရယူပြီး ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့တာလည်း ဖြစ်ပါတယ် ။အာဆင်နယ် အသင်းအတွက်တော့ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပြီး ၁၉၇၇ နောက်ပိုင်း အဆိုးရွားဆုံး နိုင်ပွဲပျောက်ဆုံးမှု နဲ့ ကြုံတွေ့ နေရပါတယ် ။

ဘရိုက်တန် နောက်ခံလူ လီဝစ်ဒန့် က ယာယီ နည်းပြ ယွန်းဘတ် လက်ထက် အာဆင်နယ် အသင်းကို အများကြီး မျှော်လင့် ထားခဲ့ပေမယ့် ပရိသတ် ဖိအားဟာ ပွဲအဖြေ ဖြစ်သွားစေခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အသင်းတိုင်းကတော့ ပွဲအစကတည်းက တစ်ဖက် အသင်းကို အသာစီး ရယူပြီး ကစားချင်ကြတာပါပဲ ၊ ဒါပေမယ့် သူတို့(အာဆင်နယ်) က တကယ့်ကို ခက်ခဲ နေတဲ့ အချိန်ကို ဖြတ်သန်း နေရတာပါ ၊ ဒါကြောင့် ကျနော်တို့ အနေနဲ့ သူတို့ အိမ်ကွင်းမှာ သေချာ ကစားနိုင်ဖို့ အရေးကြီးတယ်ဆိုတာ သိခဲ့ပါတယ် ။ ”

“အိမ်ရှင် ပရိသတ်တွေကြောင့်ပဲ သူတို့ ဖိအားပိုပိသွားခဲ့တာပါ ၊ အထူးသဖြင့် ပထမပိုင်း ပြီးခါနီးမှာပါ ၊ သူတို့ ပရိသတ်တွေက ကိုယ့်ကစားသမားကိုယ် ပြန်လှောင်ပြောင်နေကြတေ့ာ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြည့်မြောက် သွားခဲ့တယ်လို့ပဲ ဆိုရမှာပါ ။ ”

” ကျနော်တို့က သူတို့ကို ပွဲအစကတည်း ဖိအားပေး ကစားပြီး ဗျာများအောင် လုပ်ဖို့ စီစဉ် ထားတာပါ ၊ ကျနော်တို့ ပွဲကို ဦးဆောင် ကစားပြီး အိမ်ရှင် ပရိသတ်တွေက သူတို့ ကစားသမားကို ဆန့်ကျင်လာအောင် သေချာ စီစဉ် ထားခဲ့တာပါ ။ ”

” ပထမပိုင်းမှာ အစောကြီး ပြတ်သွားစေနိုင်တဲ့ အပိုင် အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့တာကလည်း ကျနော်တို့ အမှားလို့ ပြောလို့ ရပါတယ် ။ ကျနော်တို့သာ ပထမပိုင်းမှာ ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ရင် သူတို့ ဒီလို ပြန်လာနိုင်မယ်လို့ မထင်ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR