မနေ့က ညနေ ကပဲ ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဇန်နဝါရီ အတွက် ကစားသမားသစ် ခေါ်ယူခွင့် ကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်တယ် လို့ ကမ္ဘာ့ အားကစား နှင့် ဆိုင်ရာ ငြင်းခုံရေး ခုံရုံး ကနေ တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ် ။ ယင်း ကြေညာချက် ထွက်ပေါ်လာခြင်း နဲ့ အတူ ချယ်လ်ဆီး အသင်း ရဲ့ မန်နေဂျာ ဖြစ်တဲ့ ဖရန့် လမ်းပတ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကစားသမားသစ် ခေါ်ယူဖို့ အတွက် ပေါင်သန်း ၁၅၀ အထိ အသုံးပြုခွင့် ရှိနေပြီ ဆိုတဲ့ သတင်း တွေလည်း ထွက်လာပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ကို လိုအပ် တဲ့ နေရာ ၊ အဓိက ကစားသမား တချို့ လစ်လပ် သွားတဲ့ နေရာ မှာ ချယ်လ်ဆီး တို့ အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေနဲ့သာ အစားထိုးပြီး ၊ ရာသီသစ် ကို စတင် ခဲ့ရပါတယ် ။ အခု အခါမှာတော့ လမ်းပတ် အဖို့ အားနည်း နေတဲ့ နေရ တွေ အတွက် ကစားသမား တယောက် ၊ ၂ယောက် လောက် အစားထိုးဖို့ အခွင့်အရေး ရှိလာပြီ လည်း ဖြစ်ပါတယ် ။

၁ ။ ခံစစ်မှူး

ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် မလုံခြုံမှု ၊ အားနည်းချက် တွေ ရှိနေမှု က အရမ်း လူပြော များနေခဲ့ကာ ၊ အဲ့ဒီ ထဲမှာမှ ခံစစ်မှူး နေရာ ကလည်း တခု အပါအဝင် ဖြစ်ပါတယ် ။ အဓိက ခံစစ်မှူး အန်တိုနီယို ရူဒီဂါ က လွဲရင် ၊ ခရစ်တန်ဆန် ၊ ဇူးမား ၊ တိုမိုရီ တို့က အသင်း ရဲ့ ဗဟို ခံစစ် အတွက် အသင့် ရှိနေတယ် ဆိုပေမယ့် ၊ သူတို့ တွေဟာ ကမ္ဘာ့ ထိပ်တန်း အဆင့် ခြေစွမ်း ရှိတဲ့ ကစားသမား တွေ မဟုတ်သလို ၊ တည်ငြိမ်မှုအား လည်း နည်းလွန်းပါတယ် ။

လက်ရှိ မှာ ခံစစ်မှူး တနေရာ အတွက် ချယ်လ်ဆီး အသင်း ဟာ ဘုန်းမောက် အသင်း မှာ ကစား နေတဲ့ ၄င်းတို့ရဲ့ အကယ်ဒမီ ထွက် ၊ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး နေသန် အကီ ကို ပြန်ဝယ်ခွင့် ( Buy-back ) စာချုပ် နဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးစား နေတယ် လို့ အင်္ဂလန် မီဒီယာ တွေက ဖော်ပြ နေကြပါတယ် ။ သို့ပေမယ့် လည်း ခံစစ်မှူး နေရာ အတွက် က ရူဒီဂါ ပြန်ကောင်းလာရင် ၊ သိပ်ပြီး ပြဿနာ ရှိတော့မှာ မဟုတ်တာကြောင့် ၊ ဒီ အပြောင်းအရွှေ့ ဖြစ်လာမယ် ဆိုရင်တောင် ၊ လာမယ့် နွေရာသီ မှာမှ ပိုဖြစ်ဖို့ များပါတယ် ။

၂ ။ ဘယ်နောက်ခံ

ဒီရာသီ ချယ်လ်ဆီး ခံစစ် ရဲ့ အပေါ်လွင်ဆုံး အားနည်းချက် တခု ကို ထောက်ပြပါ ဆိုရင် ၊ ဘယ် အစွန် နောက်ခံလူ နေရာပဲ ဖြစ်ပါတယ် ။ ဘယ်နောက်ခံ နေရာ မှာ လမ်းပတ် ဟာ ဒီရာသီ အတွက် ၊ ကစားသမား ၃ဦး ဖြစ်တဲ့ မားကို့စ် အလွန်ဆို ၊ အီမာဆင် ၊ အက်ဇ်ပီလီကွီတာ တို့ကို လှည့်ပတ် အသုံးပြု နေခဲ့ရပေမယ့် ၊ တဦးမှ စိတ်တိုင်းကျလောက်တဲ့ အထိ ခြေစွမ်း မကောင်းမွန် ခဲ့ပါဘူး ။

လတ်တလော မှာ အထူး ခြေစွမ်း ပြနေတဲ့ လက်စတာ အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဆောင်းရာသီ အဓိက ပစ်မှတ် ကစားသမား ဖြစ်လာနိုင်ပါတယ် ။ သို့ပေမယ့် လည်း ချေဝဲလ် အတွက် ချယ်လ်ဆီး အသင်း အနေနဲ့ အနည်းဆုံး ပေါင်သန်း ရ၀ အထိ အသုံးပြုရမှာ ဖြစ်သလို ၊ လက်စတာ အသင်း ဖက်က လည်း ၄င်းကို ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ရောင်းချဖို့ ဆန္ဒ မရှိနေတာကြောင့် ၊ ချယ်လ်ဆီး တို့ ပိုပြီး ကြိုးစား ရဖို့ များနေပါတယ် ။

အကယ်၍ ချေဝဲလ် ကို ခေါ်ယူဖို့ အဆင်မပြေ ဖြစ်ပါက ၊ ဗလင်စီယာ အသင်း ရဲ့ စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ဟိုဆေး ဂါယာ ကို ၄င်းထက် ပိုပြီး သက်သာ တဲ့ စျေးနှုန်း နဲ့ ခေါ်ယူ နိုင်မှာ ဖြစ်သလို ၊ လျင်မြန်မှု နဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု တွေက လမ်းပတ် ရဲ့ မြန်နှုန်းမြင့် တိုက်စစ် ကစားဟန် မှာ သေချာပေါက် အံဝင် နိုင်ပါတယ် ။

၃ ။ တောင်ပံ တိုက်စစ်

အီဒင် ဟာဇတ် ထွက်ခွာ သွားပြီးနောက် ချယ်လ်ဆီး အသင်း ဟာ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ပူလီဆစ် နဲ့ ချက်ချင်း အစားထိုး ထားပေမယ့် ၊ ပူလီဆစ် ဟာ ငယ်ရွယ် သေးတဲ့ အပြင် ၊ အတွေ့အကြံုပိုင်း အားနည်း နေတာကြောင့် ၊ ဟာဇတ် ကဲ့သို့ အသင်း ရဲ့ ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင်စွမ်းတော့ မရှိသေးပါဘူး ။ တဖက် မှာ ညာတောင်ပံ တိုက်စစ် မှာလည်း ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ကိုသာ အားထား နေရတဲ့ အပြင် ၊ ပတ်ဒရို ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အသင်း ပြောင်းနိုင်တာကြောင့် ညာတောင်ပံ တိုက်စစ် ကိုလည်း ချယ်လ်ဆီး တို့ ဖြည့်တင်း ပေးနိုင်ဖို့ လိုအပ် နေပါတယ် ။

လက်ရှိ မှာ ချယ်လ်ဆီး အသင်း ပစ်မှတ် ထားနေတဲ့ အဓိက တောင်ပံ ကစားသမား ၂ဦး ကတော့ ခရစ်စတယ် ပဲလေ့စ် က ဝီလ်ဖရစ် ဇာဟာ နဲ့ ဒေါ့မွန် က ဂျေဒင် ဆန်ချို တို့ပဲ ဖြစ်ပါတယ် ။ ဇာဟာ ဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက ပဲလေ့စ် က ထွက်ခွာ လိုခဲ့တာ ဖြစ်ကာ ၊ ၄င်းရဲ့ ရည်မှန်းချက် က ချန်ပီယံလိဂ် ကစားခွင့် ရတဲ့ အသင်း တွေမှာ ကစားရဖို့ ဖြစ်ပါတယ် ။ သို့ပေမယ့် အသက် ၂၇ နှစ် အရွယ်ရှိပြီ ဖြစ်တာကြောင့် ၊ ချယ်လ်ဆီး တို့ ၄င်း ကို ခေါ်ယူပြီး ရင်းနှီး မြှုပ်နှံ ဖို့ ဆိုတာ အတော်လေး ဖြစ်နိုင်ခြေ နည်းပါတယ် ။

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဆန်ချို ကတော့ ဒီ ရာသီ ၊ ပရီးမီးယားလိဂ် ထိပ်သီး ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး အသင်း တို့ရဲ့ အဓိက စိတ်ဝင်စားခြင်း ကို ရရှိနေပြီး ၊ အခု အခါမှာ ကစားသမားသစ် ခေါ်ယူခွင့် ရှိလာတဲ့ ချယ်လ်ဆီး အသင်း ရဲ့ ရေဒါ ထဲကိုလည်း ဝင်ရောက်လို့ လာပါပြီ ။ လီဗာပူး ဟာ ညာတောင်ပံ တိုက်စစ် နေရာ မှာ မိုဟာမက် ဆာလက် ရှိနေသလို ၊ မန်ချက်စတာ ယူနိုက်တက် အသင်း ဖို့ကလည်း ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ကစားခွင့် မရရှိနေတာကြောင့် ၊ ဆန်ချို ကို ခေါ်ယူဖို့ အတော်လေး ကြိုးစား ရမှာ ဖြစ်ပါတယ် ။

အဲ့ဒီ အတွက် ၊ မန်ယူ အခက် ၊ ချယ်လ်ဆီး အချက် လို့ သတ်မှတ် ရမှာ ဖြစ်ကာ ၊ ဆန်ချို ကို ခေါ်ယူဖို့ ချယ်လ်ဆီး တို့ ပိုပြီး လက်ဦးမှု ရယူဖို့ များနေပါတယ် ။ ဒါ့အပြင် ၊ အကယ်ဒမီ ထွက် ကစားသမား တွေ ဖြစ်တဲ့ အေဘရာဟမ် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း တို့နဲ့ အတော်လေး ရင်းနှီး နေတာကြောင့် ၊ ဆန်ချို ဟာ ချယ်လ်ဆီး ကို ပိုပြီး ရွေးချယ် လာနိုင်ပါတယ် ။ သို့ပေမယ့် လည်း ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး တို့ သေချာ ချင့်ချိန်ပြီး ခေါ်ယူဖို့တော့ လိုနေပါတယ် ။

၄ ။ အထောင် တိုက်စစ်

အိုလီဗီယာ ဂျရူး ဟာ လာမယ့် ဇန်နဝါရီ မှာ အသင်းပြောင်းနိုင်ခြေ များနေသလို ၊ ဘတ်ရှူဝါရီ ဟာလည်း ပထမ ဦးစားပေး တိုက်စစ်မှူး အေဘရာဟမ် ကို ပွဲထွက်ခွင့် အတွက် စိန်ခေါ် နိုင်ခြင်း မရှိတာကြောင့် ၊ အထောင် တိုက်စစ်မှူး အသစ် တယောက် ထပ်ဝယ်ဖို့ ချယ်လ်ဆီး တို့ အတွက် အတော်လေး လိုအပ် နေပါတယ် ။ ခက်တာ က ချယ်လ်ဆီး အသင်း ဟာ အထောင် တိုက်စစ်မှူး တွေကို ခေါ်ယူတာနဲ့ ပတ်သက်ပြီး လာရင် ၊ အတော်လေး ကံဆိုးတဲ့ အသင်း လို့ ဆိုရမှာ ဖြစ်ပါတယ် ။

စျေးကြီးပေး ခေါ်ယူခဲ့တဲ့ မိုရာတာ ၊ ဖာနန်ဒို တောရက်စ် တို့က အစ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။ လာမယ့် ဇန်နဝါရီ မှာ ချယ်လ်ဆီး တို့ ရှာပုံတော် ဖွင့်နိုင်တဲ့ တိုက်စစ်မှူး ၃ဦး ရှိနေပြီး ၊ သူတို့ တွေကတော့ လိုင်ယွန် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီ ၊ လစ်ပ်ဇစ် တိုက်စစ်မှူး တီမို ဝါနာ ၊ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး လူကာ ဂျိုဗစ် တို့ပဲ ဖြစ်ပါတယ် ။ ယင်း ၃ဦး ထဲမှာ ချယ်လ်ဆီး နဲ့ သတင်း အထွက်ဆုံး ကတော့ ဒမ်ဘီလီ ဖြစ်ပြီး ၊ ၂ဖက် အသင်း အကြား ဆွေးနွေးမှု တွေတောင် စတင်နေပြီ လို့လည်း သတင်း တချို့ က ဖော်ပြ နေကြပါတယ် ။

ခြံုပြီး သုံးသပ်ရရင် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ တကယ် လိုအပ်မယ့် ကစားသမား တွေကို သာ သေချာ စိစစ် ရွေးချယ် ရမှာ ဖြစ်လို့ ၊ လမ်းပတ် အနေနဲ့ လိုချင်တဲ့ ကစားသမားတိုင်း လက်ညှိုးထိုးလို့ မရနေဘူး ဆိုတာ ကောင်းကောင်း သဘောပေါက် နားလည်မယ် လို့ ယုံကြည်ကြောင်း သုံးသပ်ရင်း … ။

SPORTS MYANMAR