တစ်ချို့ အပြောင်းအရွှေ့တွေဟာ ကင်းထောက်တွေ ၊ Video Analysis တွေ ကနေ တစ်ဆင့် လုပ်ဆောင်တာ မဟုတ်ပဲ အွန်လိုင်း ၀ဘ်ဆိုဒ် တစ်ခုကနေ လုပ်ဆောင်လာကြပါတယ်။

2017 ခုနှစ်မှာ ဒိန်းမတ် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်တဲ့ အန်ကာဆင် ဟာ Transferroom.com လို့ အမည်ပေးထားတဲ့ အွန်လိုင်း ဈေးကွက် ၀ဘ်ဆိုဒ် တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီမှာ ဈေးကွက်အတွင်း ရှိနေတဲ့ ဘောလုံးသမားတွေ ရဲ့ အမည်တွေ ၊ ဈေးနှုန်းတွေကို ထည့်သွင်း ဖော်ပြပြီး အပြောင်းအရွှေ့လုပ်ဆောင်ခဲ့တာပါ။

အစောပိုင်းမှာတော့ ၀ဘ်ဆိုဒ်ကို အခမဲ့ လွှင့်တင်ပေးခဲ့ပေမယ့် ၊ အေးဂျင့်တွေ နဲ့ အခြား ကြားခံလူစုတွေရဲ့ တောင်းဆိုမှုကြောင့် ၀င်ကြေးနဲ့သာ ၀င်ရောက်ကြည့်ရှုခွင့် ပေးဖို့ ပြောင်းလဲ ပြင်ဆင်ခဲ့ရပါတယ်။ အန်ကာဆင် ရဲ့ အဆိုအရ သူတို့ ၀ဘ်ဆိုဒ် ကနေ တဆင့် အပြောင်းအရွှေ့တွေ လုပ်ဆောင်ကြမယ် ဆိုရင် ပွဲခ ပေးစရာ မလိုဘူးလို့ ဆိုထားပြီး ၊ ၀ဘ်ဆိုဒ် အသုံးပြုခွင့်ကိုလဲ ကလပ်အသင်းရဲ့ ထိပ်တန်း ရာထူးကြီးပိုင်းတွေကိုသာ တစ်လ ဒေါ်လာ 10100 နှုန်းနဲ့ ခွင်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီ ၀ဘ်ဆိုဒ်အတွင်း ကလပ်ပေါင်း ပေါင်း 500 ကျော် ၊ နိုင်ငံပေါင်း 25 နိုင်ငံက လိဂ်ပြိုင်ပွဲ 53 ခုမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်း တာဝန်ရှိသူတွေက စာရင်းပေးသွင်းထားပြီး ၊ မန်စီးတီး ဂျူဗင်တပ်တို့လို ကလပ်တွေတောင် ပါဝင်လျှက် ရှိနေပါတယ်။

လက်ရှိအချိန်ထိ အဲဒီ ၀ဘ်ဆိုဒ်ကနေ အပြောင်းအရွှေ့ လုပ်ဆောင်ပေးတာဟာ 200 ကျော်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင် လိဒ်ယူနိုက်တက် အသင်းတစ်သင်းထဲနဲ့ 5 ခု အထိ လုပ်ဆောင်သွားခဲ့ပါတယ်။

အားကစား ဒါရိုတ်တာ တစ်ယောက်ကတော့ ဒီလို ၀ဘ်ဆိုဒ်တွေ ပေါ်လာတာ ကြိုဆိုကြောင်း ၊ အေးဂျင့် ကုန်ကျစာရိတ်တွေ သက်သာကြောင်း ပြောဆိုထားပေမယ့် ၊ လက်ရှိ အချိန်ထိ ဘောလုံးလောကမှာ အေးဂျင့်တွေရဲ့ အခန်းကဏ္ဍက အရေးပါနေဆဲ ဖြစ်ပါတယ်။

တစ်ချို့ ဥက္ကဌတွေ ကတော့ အေးဂျင့်တွေဟာ ဘောလုံး လောက ကနေ ပိုက်ဆံတွေကို နွှာယူဖို့ ကြိုးစားနေတဲ့ ကပ်ပါးကောင်တွေလို့ ရှုမြင်နေကြသလို ၊ တစ်ချို့တော့ အေးဂျင့်တွေရဲ့ အခန်းကဏ္ဍဟာ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမြင်မတူတဲ့ မှတ်ချက်မျိုးတွေ ပေးလျှက်ရှိနေပါတယ်။

အင်တာဗျူးတွေ အပေါ် လေ့လာဆန်းစစ်မှုတွေ အရ ဘောလုံးလောကရဲ့ အလှည့်အပြောင်းတွေထဲမှာ ကစားသမားတွေ ရဲ့ မိသားစုဝင်တွေဟာ အေးဂျင့် ပုံစံ လုပ်ဆောင်လာကြတာကို ကလပ်အသင်းတွေဘက်က ကြိုဆိုခြင်း မရှိကြပါဘူး။ ပရီးမီးယားလိဂ် ကလပ် တစ်ခုရဲ့ အားကစား ဒါရိုတ်တာ တစ်ဦကတော့ ” မိသားစု ၀င်တွေက အေးဂျင့် အလုပ် လုပ်နေကြတာ တော်တော်ဆိုးပါတယ်။ ကျနော်ကိုယ်တိုင် အင်္ဂလန်မှာ ရင်ဆိုင်ထားရတဲ့ ကိစ္စမို့ ဒီလို ပြောတာပါ။

တစ်ခါက ဘောလုံးသမား တစ်ယောက်ရဲ့ ဖခင် ဖြစ်သူ ကျနော့် ရုံးကို လာပြီး သူ့သားကို စပ်သပ် အသုံးပြုဖို့ လာပြောပါတယ်။ ဒါနဲ့ စမ်းပြီး ကစားခိုင်းလိုက်တော့ သဘောကျတာနဲ့ စာချုပ်ချုပ်ကြတော့မယ်လဲ လုပ်ရော ၊ သူ့အတွက် အေးဂျင့်ခ ဆိုပြီး ထပ်တောင်းပြန်တာပါ။

မိဘ တာဝန်က ကစားသမား လမ်းကြောင်းမှန်အတိုင်း ဆက်လျှောက်နိုင်ဖို့ ထိန်းပေးရမယ့် တာဝန်ပဲလေ။ ဟုတ်တယ်မို့လား ……..ဒါတောင် အဲဒီ ဘိုးတော်ကေ ငွေလိုချင်တယ် ဆိုတော့ ကျနော်လဲ စိတ်တိုတာနဲ့ ရုံးထဲကနေ မောင်းထုတ်ပစ်ခဲ့တာပါ။ တော်တော်များများက အဲဒီလိုတွေဗျ။

မိသားစုဝင် အများစုဟာ အေးဂျင့်လို့သာ အမည်ခံကြပေမယ့် တကမ်းတော့ လုပ်ငန်းသဘောကို သူတို့ မကျွမ်ကျင်ကြပါဘူး” မှတ်ချက် ပေးသွားခဲ့ပါတယ်။

သို့သော် တစ်ချို့ကတော့ မိသာစုဝင်တွေ ပါဝင်လာတာ ကောင်းတဲ့ လက္ခဏလို့ ရှုမြင်သူတွေလဲ ရှိပါတယ်။ အထူးသဖြင့် အေးဂျင့်နဲ့ ဆွေးနွေးရတာ အဆင်မပြေချိန်မှာ မိသားစုဝင်တွေရဲ့ ကစားသမား အပေါ် လွှမ်းမိုးမှုက ပင်ကိုယ် ကတည်းက အရေးပါနေတာမို့ ၊ ဒီလို ၀င်ရောက်လာခြင်းကို ကြိုဆိုကြတာပါ။

ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် တစ်ခု ရဲ့ ဥက္ကဌ တစ်ဦး ကတော့ အေးဂျင့်တွေ အပေါ်ကို ဒီလို ရှုမြင်ထားပါတယ်။

” အေးဂျင့် မှာ 3 မျိုး ရှိတယ်ဗျ။ ကောင်းတဲ့သူရယ် ၊ မကောင်းတဲ့ သူရယ် ၊ ဖျံကျလွန်းတဲ့ သူရယ်ပေါ့။

အေးဂျင့်ကောင်း ဆိုတာ ကိုယ့် ကစားသမား အတွက် ဘယ်နေရာက အသင့်တော်ဆုံးလဲ ဆိုတာ နားလည်တယ် ။ ငွေက အဓိက မဟုတ်ဘူး ၊ သူ့ရဲ့ Career အတွက် ရေရှည် စဉ်းစားပေးတဲ့ လူစားမျိုးပါ။ ဂျိုနသန် ဘားနက်ဆိုရင် အဲဒီလို လူစားမျိုးလို့ ပြောလို့ ရပါတယ်။ တစ်ခါက ကျနော်တို့ ကားပါကင်မှာ ရိုးရိုက်စ် ကားကြီး တစ်စီး ရပ်ထားတာမြင်တော့ ………ဒါ ဘယ်သူ့ကားလဲဟေ့လို့ မေးလိုက်တော့ ဂျိုနသန် ဘားနက် ရဲ့ ကစားဆိုပြီး ပြောတယ်လေ။ တကယ် အလုပ်ကို တော်တဲ့သူတွေက အဲဒီလို အောင်မြင်တာပါ။

အဲဒီ ရဲ့ ဆန့်ကျင်ဘက် အေးဂျင့်တွေ ကတော့ သူတို့ အိတ်ထဲ ထည့်ဖို့လောက်ပဲ ခေါင်းထဲ ရှိကြတာပါ။ တစ်ခါက အေးဂျင့်ကြေး ပေါင် 1 သိန်း မပေးပဲနဲ့ ကစားသမားကို ကျနော့် အသင်းဆီ မလွှတ်နိုင်ဘူး ဆိုပြီး ရစ်လာတဲ့ ငနဲတစ်ကောင်တွေ့ဘူးပါတယ်။ ကျနော်လဲ ဒေါသ ထွက်တာနဲ့ မင်းဆီက မှ ကစာသမားကို ခေါ်လို့ ရတာမဟုတ်ဘူး ၊ ရှာစရာနေရာတွေ အများကြီးပဲ ဆိုပြီး ပြန်အော်လွှတ်ဘူးပါတယ်။

ဒါနဲ့ ဆုပေးပွဲ တစ်ပွဲမှာ အဲဒီ ကစားသမားနဲ့ ပြန်တွေ့တော့ …မင်းရဲ့ အေးဂျင့်က ငါ့ကို အဲဒီလို ပြောသွားတယ် ၊ အဲဒီ ကိစ္စ မင်းသိရဲ့လားလို့ မေးကြည့်တော့ ကစားသမားက အံ့သြသွားတဲ့ မျက်နှာထားနဲ့ ကျနော့်ကို ပြန်ကြည့်တော့တာပါပဲ။ သူသာ ကျနော်တို့ဆီ ပြောင်းလာခဲ့ရင် ငရဲပြည်ကနေ နတ်ပြည် ရောက်သွားသလို ခံစားရမှာလေ။ အေးဂျင့် တစ်ချို့က အဲဒီလိုပါ” လို့ ပြောပြသွားခဲ့ ပါတယ်။

တစ်ဆက်တည်းမှာပဲ ချန်ပီယံရှစ် ကလပ်ရဲ့ ဥက္ကဌ တစ်ဦးကလဲ သူ့ရဲ့ အတွေ့အကြုံ တစ်ခုကို အခုလို ပြန်လည် မျှဝေထားပါတယ်။

” တစ်ခါက အခြား ကလပ်မှာ ရှိတဲ့ ကစားသမား တစ်ယောက်က ကျနော့်ဆီ လှမ်းပြီး ဖုန်းဆက်ပါတယ်။ သူ့ အေးဂျင့်က ပြောတယ် ..ကျနော်တို့ ကလပ် က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတာ ဟုတ်လားပေါ့။ တကယ်တော့ အဲဒီ ကစားသမားဟာ သူ့ရဲ့ လက်ရှိ ကလပ်မှာ အထိုင်ကျနေပြီးသားပါ။

ကျနော်တို့ က သူ့ကို ခေါ်ယူဖို့ စိတ်ထဲမှာတောင် မရှိပါဘူး ၊ အေးဂျင့်က ဘယ်လို ကလိမ်ကကျစ် ကြပြီး လှည့်ထားလဲ မသိပါဘူး ၊ ကစားသမားလေး ကိုယ်တိုင်က ကျနော့်ဖုန်း ဆက်တော့ အမှန်တိုင်းပြောရင် သူ့ကို ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်မို့ ကြည့်ကောင်းအောင်ပဲ ပြန်ဖြေလိုက်ရတာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ရဲ့ ပြဌာန်း စာအုပ်မှာတော့ အပြောင်းအရွှေ့ လုပ်မယ် ဆိုရင် ကလပ် အသင်းနဲ့သာ ကနဦး ဆက်သွယ်ရမှာ ဖြစ်ပြီး ၊ ကလပ် နဲ့ သဘောတူညီမှု မရမချင်း ကစားသမားနဲ့ ကြိုတင်တွေ့ဆုံခွင့် မရှိဘူးလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ဗန်ဒိုက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က အဲဒီလိုမျိုး ဘောင်ကျော်ကာ လုပ်ဆောင်ခဲ့လို့ ပရီးမီးယားလိဂ် ရဲ့ အရေးယူ မခံရအောင် တရားဝင် ကြေငြာချက်ထုတ်ကာ တောင်းပန်းခဲ့ရဖူးပါတယ်။

သို့သော် တကယ့် လက်တွေ့ အနေအထား တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှတော့ အားကစား ဒါရိုတ်တာ တစ်ယောက်က ” ကလပ်တိုင်း က ပြထာန်း ထားတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်လားဆိုတော့ မလုပ်ပါဘူး။ အားလုံးက လူလည်တွေချည်းပါ။

အရေးကြီးဆုံး အချက်က ကစားသမားရဲ့ ဆန္ဒကို သိထားဖို့ပါ။ ဒါမှ ခေါ်ယူချင်တဲ့ကလပ်ဖက်က ဘာတွေ ဆက်ပြီး လုပ်ရမှာလဲ ဆိုတာ ပိုပြီး သိလာတာလာလေ။

အပြောင်းအရွှေ့ အကြောင်း ပြောရင် ကုန်တောင် မကုန်နိုင်ပါဘူးဗျာ………95% နှုန်းက အဆင်ပြေတဲ့ ပုံစံနဲ့ လုပ်ကြတာပါ။ အရင်ဆုံး အေးဂျင့်ကို ဆက်သွယ်တယ် ၊ စာချုပ် ကိစ္စအဆင်ပြေပြီ ဆိုမှ ၊ အေးဂျင့်ရော ၊ ကလပ်ဖက် ကပါ အပြောင်းအရွှေ့ကြေး ညှိယူတာတွေလဲ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တစ်ချို့ ကလပ်တွေကတော့ ပုံမှန် ကမ်းလှမ်းမှုတွေ နဲ့ အဆင်မပြေတော့ဘူး ဆိုရင် ကစားသမားကို ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုခိုင်းတာတွေ လုပ်ခိုင်းတာရှိသလို ၊ အဲဒီအကြောင်းကို မီဒီယာ ကနေ ပေါက်ကြားသွားအောင် အကွက်ရွေ့တဲ့ ပုံပြင်တွေ ဖန်တီးကြလေ့ရှိပါတယ်။

ပရီးမီးယားလိဂ် ကလပ် အသင်းတစ်ခုရဲ့ ဒါရိုတ်တာ တစ်ယောက် ကတော့ နာမည်ကြီး ရွိုင်းအိုလာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောကျတဲ့ အချက်တွေကို အခုလို မျှဝေပေးထားပါတယ်။

” ကျနော် က ရွိုင်းအိုလာ ကို တကယ် သဘောကျတာဗျ။ သူက ဘယ်သူ့ကိုမှ မကျော်ခွဘူး။

သူ့ခေါင်းထဲမှာ တစ်ခုပဲ ရှိတယ် …….သူ့အတွက် ပွဲခလဲ ကောင်းကောင်း ရရမယ် ၊ သူ့ ကစားသမားလဲ စာချုပ် ကောင်းကောင်း ချုပ်နိုင်ရမယ် ဒါပဲ။ ကလပ်ဘက်ကိုရော ၊ ကစားသမားဘက်ကိုပါ အကွက်ရွေ့တာတွေ လုံးဝ မလုပ်ဘူး ။ စကားပြောတာလဲ ရှင်းတယ်။ အဓိက အချက်တွေပဲ ဆွဲထုတ်လေ့ရှိတယ်လို့ “မှတ်ချက်ပေးသွားခဲ့ပါတယ်။

ရွိုင်းအိုလာ လက်ရှိ ကာလမှာလဲ ဒီလစ် ရဲ့ အပြောင်းအရွှေ့ တစ်ခုတည်းကနေ ပွဲခ ယူရို 10 သန်း အထိ သိမ်းပိုက် သွားခဲ့ပြီပဲ ဖြစ်ပါတယ်…………..